Latest News

Friday, September 22, 2017

မကွေးတိုင်းအတွင်း တရားသူကြီးတစ်ဦးနှင့် ခရိုင်ပညာရေးမှူးတစ်ဦး အရေးယူခံရမည့် အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေ

မကွေးတိုင်းအတွင်း တရားသူကြီးတစ်ဦးနှင့် ခရိုင်ပညာရေးမှူးတစ်ဦး အရေးယူခံရမည့် အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေ

မကွေးတိုင်းဒေသကြီးအတွင်း တရားသူကြီးတစ်ဦးနှင့် ခရိုင်ပညာရေးမှူးတစ်ဦး အရေးယူခံရမည့် အခြေအနေကြောင့် ထွက်ပြေး တိမ်းရှောင်နေပြီး တောင်တွင်းကြီးမြို့ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ခုနစ်ဦးအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုးညိုနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့က ပြောကြားသည်။

စက်တင်ဘာ ၂၁ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအောက်ထပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာ ဦးအောင်မိုးညိုနှင့် ဗိုလ်မှူးကြီးမင်းဦးတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြောရမှာလည်း ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော့် မဲဆန္ဒနယ်မြေ ပွင့်ဖြူမှာပါ။ အစစ်ဆေးခံရတယ်။ အရေးယူထိန်းသိမ်းတဲ့ အဆင့်မရောက်သေးဘူး။ အရေးယူ အပြစ်ပေးခံရမှာသိတဲ့ အတွက်ကြောင့် မြို့နယ် တရားသူကြီးမတစ်ယောက် ထွက်ပြေး တိမ်းရှောင်နေတယ်။ မြို့နယ် ဥပဒေအရာရှိတစ်ယောက် အရေးယူ အပြစ်ပေးခံရမယ့် အနေအထားရှိတယ်။ သရက်ခရိုင်မှာ တာဝန်ကျတဲ့ ခရိုင်ပညာရေးမှူးတစ်ယောက် အစစ်ဆေးခံရပြီးတော့ အရေးယူ အပြစ်ပေးခံရမှာသိတဲ့ အတွက်ကြောင့် ထွက်ပြေး တိမ်းရှောင်နေတယ်။ ဒါတွေကိုလည်း မဖြစ်စေချင်ပါဘူး။ အတတ်နိုင်ဆုံး ၀န်ထမ်းတွေရဲ့ ဘ၀သာယာ စိုပြည်အောင်၊ အဆင်ပြေအောင် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဦးအောင်မိုးညိုက ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က မကွေးတိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကို လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ အလုပ်သမားနှင့် စက်မှုလက်မှုကဏ္ဍ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်မှု၊ သဘာဝဘေးအန္တရာယ်များအတွက် တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှုများ၊ အထိမ်းအမှတ်နှင့် ပွဲတော်များ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ အသိပညာပေးရေးနှင့် လွတ်လပ်စွာဆောင်ရွက်ခွင့် စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်း ပြောကြားသည်။

အဆိုပါပွဲတွင် သတင်းထောက်ခြောက်ဦးသာ မေးခွန်းမေးခွင့်ရရှိခဲ့ပြီး မေးခွန်းများ မေးမြန်းခွင့် အပြည့်အ၀ မရရှိခဲ့ခြင်းအပေါ် သတင်းမီဒီယာများက ဝေဖန်မှုများရှိခဲ့သည်။ တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက် ညက လူမျိုးရေး၊ ဘာသာရေး ဆူပူမှုသဏ္ဌာန် ဖြစ်ပေါ်ခဲ့ပြီး ဘာသာခြားတို့၏ ဆိုင်ခန်းအချို့ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ထိုမေးခွန်းကို နယ်လုံဝန်ကြီးဗိုလ်မှူးကြီးမင်းဦးက ဖြေကြားရာတွင် “စစ်ဆေး ပေါ်ပေါက်ချက်အရ ဖမ်းဆီးထားသူ ခုနစ်ယောက် ရှိပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ တစ်ယောက်ကရှေ့က သွားပါတယ်။ တစ်ယောက်က ရှေ့ကသွားလို့ နောက်ကလိုက်တယ်ဆိုတာမျိုး ပေါ်ပေါက်တယ်။ စည်းရုံးတာက အမုန်းဓာတ်ခံနဲ့ မကျေနပ်လို့ ရှေ့ကနေစပြီးပစ်မယ်။ ခတ်မယ်။ ဖျက်ဆီးမယ်ဆို စည်းရုံးတယ်။ ဘာသာခြားတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ရုတ်တရက် အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေရဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ပေါ်ပေါက်ပါတယ်” ဟု ဖြေကြားသည်။

ဆက်လက်၍ “အာရုံက တစ်ဖက်မှာရှိ နေတုန်းဖြစ်တာက ကိုယ့်ဘက်ကလူငယ်တွေက စဖြစ်လိုက်တော့ သာမန်ကြည့်ရင်တော့ မရိုးရှင်းဘူးလို့ ထင်ရပါတယ်။ နောက်ကွယ်က ဘယ်သူတွေပါလဲ။ ဘာဖြစ်တာလဲ။ အဖွဲ့အစည်းလား။ ကျွန်တော်တို့ အဲဒါကိုစစ်ပါတယ်။ မေးပါတယ်။ သူတို့ရဲ့ ဖြေကြားချက်တွေအရ နောက်ကွယ်က စေခိုင်းသူတွေ မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

ယင်းပွဲတွင် The Daily Eleven သတင်းစာက NLD ပါတီရွေးကောက်ပွဲ အနိုင်ရပြီးစ အစိုးရမဖွဲ့မီက နိုင်ငံတစ်ဝန်း အမှိုက်ကောက်သည့် လှုပ်ရှားမှုများရှိခဲ့ပြီး ယခုလက်ရှိတွင် အမှိုက်ကင်းစင်ရေးနှင့် အများပြည်သူတို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးပညာပေးမှုများ မည်သို့ဆောင်ရွက်နေသည်ကို မေးမြန်းခဲ့သည်။ ယင်းမေးခွန်းနှင့်ပတ်သက်၍ ဒေါက်တာ ဦးအောင်မိုးညိုက ယခင်အစိုးရလက်ထက် စာရင်းပျောက်နေခဲ့သည့် ရေနံလက်ယက်တွင်းများမှ ရရှိထားငွေများအနက် လက်ရှိ အစိုးရထံ ပြန်လည်ရရှိထားသည့် ငွေများအား မည်သို့အသုံးပြုမည်ကို စီစဉ်ထားကြောင်း ယင်းငွေများဖြင့် မကွေးတိုင်း ၂၅ မြို့နယ်အတွက် ဟိုက်ဒရောလစ် အမှိုက်ကားများ ၀ယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသည် အစိုးရသစ်လက်ထက် မကွေးတိုင်းအစိုးရ အနေဖြင့် သတင်းမီဒီယာများအား ဖိတ်ကြား ပြုလုပ်သည့် ပထမဆုံးပွဲဖြစ်ကြောင်း ယင်းပွဲသို့ မကွေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးများအားလုံးနှင့် ဌာနဆိုင်ရာအများစုမှ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment