Latest News

Wednesday, September 20, 2017

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွင့်ရန် အစီအစဉ်မရှိဟုဆို

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွင့်ရန် အစီအစဉ်မရှိဟုဆို

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားမည့်မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ MOI ၀က်ဘ်ဆိုက်၊ MITV ၊ MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က News Watch သို့ ပြောသည်။

“ကျွန်တော်တို့က ဟိုကလာတဲ့သတင်းကို ယူပြီးတော့ လွှင့်မှာပါ။ တိုက်ရိုက်ကတော့ လောလောဆယ်အထိတော့ မရှိသေးဘူး။ သတင်းမှန်သမျှတွေကတော့ အမြန်ဆုံးတင်ပြနိုင်အောင်လုပ်တယ်။ အခု ဒု-သမ္မတကြီးရဲ့ မိန့်ခွန်းကို လည်း လှုပ်ရှားမှုသတင်းတွေဆိုလည်း ဟိုဘက်ကရနေတာတွေ နေ့စဉ်နဲ့အမျှ တင်နေပါတယ်။ သေချာတာကတော့ နေ့တွင်းချင်းတော့ တင်နိုင်အောင်လုပ်ပါတယ်”ဟု ဦးမျိုးမြင့်မောင်က ပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ယခုလအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂ ကြိမ်တိတိ တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်မာအစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ၊ စွပ်စွဲမှုများရှိနေချိန်၊ ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာစီနာအနေဖြင့်လည်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထည့်သွင်းတင်ပြရန်ရှိနေချိန်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူပြောကြားမည့်မိန့်ခွန်းအပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

ယင်းအပြင် ၂၀၁၆ ကုလအထွေထွေညီလာခံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောကြာခဲ့စဉ်က MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ဒုသမ္မတ(၂) ဦးဟင်နရီဗန် ထီးယူသည် ယနေ့ (စက်တင်ဘာ ၂၀) တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ကုသသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ဒု သမ္မတ(၂)နှင့်အတူ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြား ရေးဒုတိယဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

ယခုနှစ် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဌာနချုပ်၌ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက် အထိ ကျင်းပနေခြင်းဖြစ်သည်။

လင်းလင်းအောင်
Photo-President's Office
News Watch

No comments:

Post a Comment