Latest News

Friday, September 1, 2017

ရခိုင် တိုင်းရင်းသား အများစု၏ လုံခြုံရေး စိုးရိမ်နေဟု ဒေါက်တာ ဝင်းမြတ်အေး ပြောဆို

ရခိုင် တိုင်းရင်းသား အများစု၏ လုံခြုံရေး စိုးရိမ်နေဟု ဒေါက်တာ
ဝင်းမြတ်အေး ပြောဆို


နေပြည်တော် သြဂုတ် ၃၁

ရခိုင် တိုင်းရင်းသား ကျေးရွာ ၂၁ ရွာသို့ ရောက်ရှိခဲ့ ပြီးနောက် တိုင်းရင်းသား အများစု၏ စိုးရိမ်မှုမှာ ၄င်းတို့၏ လုံခြုံရေး အခြေအနေပင် ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က သြဂုတ် ၃၁ ရက် ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင်  မီဒီယာ များကို ပြောဆိုခဲ့သည်။

''သူတို့ လိုအပ်ချက်က ဘာလဲ၊ ကျွန်တော်တို့ မေးတယ်။ လိုအပ်ချက် ကတော့ အားလုံးက လုံခြုံရေးကို စိုးရိမ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရောက်တဲ့ နေရာ အချို့မှာ တပ်မတော်က မရောက်သေးဘူး ဆိုရင် ကျွန်တော်တို့ က ချက်ချင်းပဲ တပ်မတော်ကို အကြောင်း ကြားပေးတယ်။ သတင်းပို့တော့ တပ်မတော်က ချက်ချင်းပဲ ဒါကို ဖြည့်ဆည်း ဆောင်ရွက်ပေးတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုံခြုံရေး အတွက်ကို ဆောင်ရွက် ပေးနိုင်တယ်'' ဟု ပြည်ထောင်စု ဝန်ကြီး က ပြောဆိုသည်။

လက်ရှိတွင် မြန်မာ့ တပ်မတော်က ရခိုင်ဒေသတွင်း အသုံးပြုရန် အတွက် ရဟတ်ယာဉ် တစ်စင်း အကူအညီ ပေးထားပြီး အဆိုပါ ရဟတ်ယာဉ်ဖြင့် ရိက္ခာများကို လိုက်လံ ဖြန့်ဝေနေကြောင်း၊ တိုင်းရင်းသားများ အတွက် ရိက္ခာ နှစ်လစာ ထောက်ပံ့ရန် စီမံထားပြီး ဖြစ်ကြောင်း၊ ရိက္ခာများ စဉ်ဆက်မပြတ် ဝေငှနိုင်ရန် အတွက် ပြည်နယ် အစိုးရ အဖွဲ့နှင့် ပူးပေါင်းကာ နှစ်လစာ ရိက္ခာဖိုး ငွေများကို လွှဲအပ် ပေးထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

''သွားရေးလာရေး ခက်နေတယ်။ လမ်းမှာ မိုင်းတွေ ထောင်ထားတယ်။ ဒါကြောင့် ရဟတ်ယာဉ်နဲ့ သွားတယ်။ ရဟတ်ယာဉ်နဲ့ သွားတယ် ဆိုသော်လည်းပဲ ကျွန်တော်တို့မှာ လုံခြုံရေးကို အင်မတန် သတိထားပြီးတော့ သွားလာ ရတယ်။ အချို့ နေရာတွေမှာက လုံခြုံရေး အပြည့် မရနိုင်သေးတဲ့ နေရာတွေ ရှိတယ်။ အချို့နေရာတွေ လုံခြုံရေး ရှိတဲ့ နေရာတွေ ရှိတယ်။ လုံခြုံရေး ပြည့်သည် ဖြစ်စေ မပြည့်သည်ဖြစ်စေ ကျွန်တော်တို့ ကတော့ ဒီတိုင်းရင်းသားတွေနဲ့ တွေ့အောင် သွားမယ်လို့ ဆိုတဲ့ အတွက်ကြောင့် တော်တော်လေး ခရီးပေါက် အောင် ၂၁ နေရာ အထိ ရောက်ခဲ့တယ်'' ဟု ၄င်းက ပြောဆိုသည်။

အဆိုပါဒေသ အတွင်း ပိတ်မိနေသော ဝန်ထမ်းများတွင် ကျန်းမာရေး ဝန်ထမ်းနှင့် ပညာရေး ဝန်ထမ်းများပြားပြီး အစိုးရအဖွဲ့ အနေဖြင့် ၄င်းတို့၏ နေရပ်များသို့ ပြန်နိုင်စေရန် အတွက် စီမံထားသည့် အစီအမံများကို ပြောဆိုခဲ့သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

အစိုးရအဖွဲ့ သွားရောက်ခဲ့သည့် ကျေးရွာ ၂၁ ရွာတွင် နေရပ်စွန့်ခွာ ဒေသခံ စုစုပေါင်း ၁၆ဝဝဝ ခန့်ရှိပြီး မိမိတို့၏ ကျေးရွာတွင်သာ နေထိုင်နေသူများလည်း ရှိကြောင်း ဒေါက်တာ ဝင်းမြတ်အေး က ပြောဆိုသည်။

စွမ်းရဲထွဋ်(မြန်မာတိုင်း(မ်))

No comments:

Post a Comment