Latest News
Wednesday, September 13, 2017
စက်ဘီးထီလှည်းယာဉ်လေးပေါ်က ဒေါ်အုန်းမြင့်
စက်ဘီးထီလှည်းယာဉ်လေးပေါ်က ဒေါ်အုန်းမြင့်
လူပျက်လေး မောင်ရွှေရိုးဆိုတဲ့  သီချင်းလေးနဲ့ အတူအသက်(၆၈)နှစ်ရှိပြီဖြစ်တဲ့  ဒေါ်အုန်းမြင့်ရဲ့  စက်ဘီး ထီလှည်းယာဉ်လေးဟာ  ပုသိမ်မြို့ ရဲ့ ဆိုင်ကယ်တွေ ကားတွေကြားမှာ တိုး ဝှေ့ လို့ လှည့်လည်နေပါတယ်။
ပုံမှန်ထီရောင်းသူတွေဟာ ဆယ်ရက်အလို ဆယ့်ငါးရက်အလိုမှာသာထွက်ရောင်းကြပေမဲ့  ဒေါ်အုန်းမြင့်ကတော့ နေ့ တိုင်း ပုံမှန် စက်ဘီးလှည်းလေးကို တွန်းရင်းထီရောင်းနေတာကို သတိထားမိပါတယ်။
"နေ့ တိုင်းထွက်တယ်ဆိုတာက ယူထားတဲ့ ထီစောင်တွေကုန်ချင်တာကြောင့်ပေါ့ ။ စက်ဘီးကတော့ အဒေါ့် စက်ဘီး အပ်ါက ထီဗုံးလေးနဲ့ ကိုယ်ထည်က သူများဟာ ပြင်ထားပြီး သုံးတာပေါ့လေ။ ဒီမြို့ မှာတော့ ဒီလိုရောင်းတာဒီတစ်ယောက်ပဲရှိတယ် ။တစ်မြို့ လုံးမှာလည်း ဒီလှည်းလေးကတစ်စီးပဲရှိတယ်။" လို့  ဒေါ်အုန်းမြင့် ကအားရပါးရရယ်လျှက်ဆိုပါတယ်။
ဒေါ်အုန်းမြင့်ရဲ့ တစ်နေ့ တာလှုပ်ရှားမှုက နံနက်စောစောထ ဘုရားရှစ်ခိုး ပြီးထီရောင်း၊ နေပြင်းလာရင် ကိုးနာရီခွဲ လောက်အိမ်ပြန်ဝင်၊ ညဆို ရှစ်နာရီလောက် စထွက်၊ ညဘက် ဆယ်နာရီ ဆယ့် တစ်နာရီ ပြန်ဝင်၊  ဒါကသူ ရဲ့ ပုံမှန်အလုပ်တစ်ခုပါ။
အရင်းအနှီးမရှိတဲ့  ဒေါ်အုန်းမြင့်တစ်ယောက် ယခင်က တစ်နေ့  ငါးထောင်(နေ့ စား)ဖြင့် သူများကားနဲ့ ထီးလိုက်ရောင်းရပါတယ် ။
နောက်ပိုင်းတော့ တစ်နေ့ ကုန်ထိုင်ရပြီး နေ့ ခင်းထမင်းစားချိန်လေးသာနားရတဲ့  သူမအတွက် အသက်
အရွယ်အရ မလုပ်နိုင်တော့တာကြောင့် ကိုယ်ပိုင်စက်ဘီးလှည်းလေးနဲ့ ထီလိုက်ရောင်းဖို့ ဆုံးဖြတ်ခဲ့ တာလို့ ဆိုပါတယ်။ခုဆိုရင်တော့ကိုယ်ပိုင်စက်ဘီးတွန်းလှည်းလေးနဲ့ ရောင်းနေတာတစ်နှစ်ပင်ပြည့်တော့မှာဖြစ်ပါတယ်။
နှမတွေကလည်း ရရစားစားတွေပဲဖြစ်တာကြောင့် သည်အလုပ်ကိုရွေးချယ်ခဲ့ တာဆိုလည်းမမှားပါဘူး။
"လူရယ်လို့ ဖြစ်လာရင် ဒီဒုက္ခတွေက ဘုရားတောင်မှ မလွတ်ဘူး လေ။နောက်တော့သူများကျွေးတာ စားတာနဲ့  ကိုယ်ဘာသာ ရှာစားတာ မတူဘူး ။ တစ်တပ်တစ်အားကိုယ့် ခွန် ကိုယ်အားနဲ့ ရှာစားရတာက စိတ်လည်းချမ်းသာတယ်။ လူလည်းကျန်းမာတယ်။ ကိုယ်အတွက်လည်းပျော်ဖို့ ကောင်းတယ်။ ပေါက်
ဂဏန်းဝင်တော့ပိုတောင်ပျော်သေးတယ် " လို့ ဆိုပါတယ်။
ဘ၀ကိုအရှုံးမပေးပဲ အသက်အရွယ်နှင့်မမျှ ပင်ပန်းခံပြီး ထီးလှည်းလေးပေါ်ကဒေါ်အုန်းမြင့်ကို ပုသိမ်ဒေသခံတွေကလည်း အားပေးကြပါတယ်။
ဒါ့ကြောင့်လည်း ဒေါ်အုန်းမြင့် တစ်နိုင်ယူရောင်းတဲ့  စောင်ရေ(၁၅၀၀)ဟာ ကျန်တဲ့ လရယ်မရှိပါဘူး ။
လတိုင်းကုန်တယ် တစ်ခါတစ်လေ တစ်ခြား သူတွေကိုတောင် မကုန်လို့ ကျွန်မကက ကူးရောင်းပေးရသေးတယ်လို့ ဆိုပါတယ်။
စကားပြောနေရင်းနဲ့ ဆေးဆိုင်တစ်ဆိုင်ကဒေါ်အုန်းမြင့် စက်ဘီးလှည်းလေးပေါ်က  ဆယ်စောင်တွဲ
တစ်အုပ်ကို  အားပေးလိုက်ပါတယ် ။
"ပေါက်ရင် ကျွန်တော် ပါဆန်းတေ့ ခ်ျ ပေးပါ့မယ်" လို့ ဆိုတော့ ဒေါ်အုန်းမြင့်က "ရပါတယ်ဆရာရယ်။ကျေးဇူးတင်ပါတယ်" လို့ ပြုံးလျှက်တုန့် ပြန်ပါတယ်။
သိပ်မကြာခင်မှာပဲ  ပန်းသီးအရောင်းဆိုင်က လူငယ်လေးကလည်းသူ  ထီလှည်းလေးမှာအားပေး
တာတွေ့ ရပါတယ် ။
ကိုရိုက်ရင်း ဒေါ်အုန်းမြင့် က ရယ်နေပါတယ် ။
ကောင်လေးကလည်းရယ်လျှက် "ခုပေးတာလေ။ ခုပေးတာကိုပြောတာ" ဆိုပြီး နှစ်ယောက်သား ရယ်နေကြတာကလည်း  မြင်ရသူ အဖို့ ပင်ပီတိဖြစ်ရပါတယ်။
ဒေါ်အုန်းမြင့်ဆီမှာအားပေးကြသူတွေကလည်းကံကောင်းကြသလို့ ခုဆိုရင် သိန်း(၁၀၀)ဆုနဲ့ သိန်း(၃၀၀) ဆုကြီး(၂)ဆုကိုဆွတ်ခူးပေးနိုင်ခဲ့ ပါတယ်။
နိုင်ငံတော်က ချီးမြှင့်တဲ့ ပထမဆုံး သော(၁)ကြိမ်မြောက်သိန်းပေါင်းတစ်သောင်းမှာ သိန်း(၁၀၀)ဆုကို ဒေါ်အုန်းမြင့် ထီလှည်းလေးမှာထိုးသူက ပေါက်သွားပြီး ခြောက်ကြိမ်မြာက်မှာလည်း သိန်း(၃၀၀)ဆုကို ဆွတ်ခူးပေးလိုက်တာကြောင့် မိုးယံရွှေလမင်းကပေးတဲ့ စတားဒေါ်အုန်းမြင့်ဆိုတဲ့  ဂုဏ်ထူးတစ်ခုပင်
ရနှင့်နေပြီဖြစ်ပါတယ်။
"တစ်သက်လုံးထီရောင်းလာတဲ့ သူတွေတောင် သိန်း(၁၀၀)မပေါက်ဖူးကြဘူး။ ကျွန်မလှည်းက ခု နှစ်ခါရှိပြီ။ ဆုကြီးနှစ်ဆု ဆွတ်ခူးပေးတာ။" လို့ ဆိုရင်းလက်မတစ်ချောင်းကိုလည်းထောင်လိုက်ပါတယ်။
ထီရောင်းရတဲ့ အမြတ်နဲ့ ဒေါ်အုန်းမြင့်ရဲ့ ဝင်ငွေက တစ်လ တစ်သိန်းခန့် ရရှိတယ်လို့ ဆိုပါတယ်။
"ထီက တစ်စောင်ကိုခြောက်ရာ ရောင်းတယ် တစ်ဆောင် (၁၀၀)ယူတာပေါ့။ ဒါပေမဲ့  ထီအိတ်တို့  ဆိုင်း
ဘုတ်တို့ မီးတို့ ဘာရီနဲ့ က (၂၅)ကျပ်လောက်ကုန်တယ်။အဲတော့အသားတင်(၇၅))ကျပ်လောက်ရတာပေါ့။
ဒီကရတဲ့ အမြတ်လေးနဲ့ ပဲရှင်သန်ရတာလေကိုယ့်အသက်အရွယ်နဲ့ တစ်လတစ်သိန်း ဘယ်သူကပေးမလဲ။ ဒါ့ ကြောင့် ဒါလေးလုပ်တာ။ နောက်ပြီးတော့ ကျန်းလည်းကျန်းမာတယ်လေ" လို့ သူကဆိုပါတယ်။
ရတဲ့ ငွေကြေးအချို့ ကို တော့ လမ်းမှာတွေ့ တဲ့ မိမိနှင့်တန်းတူရွယ်တူသက်ကြီးရွယ်ကြီးတွေ မိမိထက်
အသက်ကြီးသူတွေကို တတ်နိုင်သလောက်အလှူဒါနပြုသလို အိမ်မှာတော့ ကျီးကန်းအကောင်
နှစ်ဆယ်လောက်ကို နေ့ တိုင်းအစာကျွေးတယ်လို့ ဆိုပါတယ်။
"သားတို့ မှာ ငါးရာပဲပါတယ်။ ထီတော့အားပေးချင်တယ်ဆိုပြီးထိုးတဲ့ ကလေးတွေဆို အဒေါ်ကလည်း ၅၀၀ ပဲယူပါတယ်" လို့ သူကပြောပါတယ်။
 သည်ဘ၀လေးနဲ့ ဘ၀ကိုအဖော်ပြုမယ်ဆိုသော်လည်း သူ ရည်မှန်းချက်က နောက်ဆုံးအချိန်တွေမှာ တရားအားထုတ်ပြီးအေးအေးချမ်းချမ်းနေချင်တာပါ။
"သားလေးရယ် သိန်းတစ်သောင်းဆုအဒေါ်ထီးလှည်းလေးကပါလာရင်တော့ ဘ၀ပြောင်းပြီ။ အဒေါ် အေးအေးချမ်းချမ်းတရားအလုပ်လုပ်တော့မယ်။" လို့  သူကပြောပါတယ်။
သူ့ ထီလှည်းလေးက သိန်းတစ်သောင်းဆိုမပေါက်မချင်းတော့ ဒေါ်အုန်းမြင့်ရဲ့ စက်ဘီးထီလှည်းယဉ်လေးဟာ ပုသိမ်မြို့ ရဲ့ လမ်းမများထက်မှာ နေ့ စဉ် လူးလွန့် သွားလာနေတာကိုမြင်နေကြရဦးမှာပါ။
စကားစမြည်ပြောပြီးလို့ သူ့ ကိုကျွန်တော် လက်ပြနှုတ်ဆက်လိုက်တဲ့ အခါမှာတော့ .....
"ပုသိမ်မြို့  မိုးယံရွှေလမင်းမြတ်ဆုကုဋေစက်ဘီးယဉ်လေးမှ သိန်း(၃၀၀)ဆုကြီးကို ကဠ အက္ခရာနဲ့  ၁၂၆၇၁၇ နဲ့  သိန်း(၃၀၀)
ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးလို့ ပေးလိုက်ပြန်ပါပြီနော် အခုလိုပဲ ခုနစ်ကြိမ်မြောက်မှာလည်း
ထိုက်ထိုက်တန်တန် ဆုကြီးတွေ ရရှိကြပါစေ "...လို့ ဆိုတဲ့  ဒေါ်အုန်းမြင့် လှည်းလေး ပေါ်က
အသံက ပျံ့ လွင့်ရင်း ........
မျိုးမင်းပိုင်
နယူးဖက်ဒရယ်တိုင်းဂျာနယ်
No comments:
Post a Comment