Latest News

Saturday, September 23, 2017

နိုင်ငံတကာသံတမန်များကို မောင်တောဒေသသို့ တစ်ပတ်အတွင်း ပို့ဆောင်ပေးနိုင်ရန်စီစဉ်

နိုင်ငံတကာသံတမန်များကို မောင်တောဒေသသို့ တစ်ပတ်အတွင်း ပို့ဆောင်ပေးနိုင်ရန်စီစဉ်

လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံတကာသံတမန်များကို မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ယခုလ ၁၉ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က မောင်တောဒေသသို့ နိုင်ငံတကာသံတမန်များ သွားရောက်လေ့လာနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယနေ့တွင် လက်တွေ့သွားရောက်နိုင်ရန် စီမံနေကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

လတ်တလောကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် ခေါင်းဆောင်အချို့က ရခိုင်ပြည်နယ်ပြဿနာအပေါ် ဝေဖန်ပြောဆိုခဲ့ကြပြီး ပြင်သစ်သမ္မတ  မက်ခရွန်က ရခိုင်ပြည်နယ်တွင် လူမျိုးသုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

အဆိုပါ စွပ်စွဲမှုများအားလုံးကို မြန်မာအစိုးရက ငြင်းဆိုထားပြီး မောင်တောဒေသသို့ လေ့လာရန်  နိုင်ငံတကာသံတမန်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ထုတ်ပြန်သည့် အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွင်  အချက်၁၁ချက်ပါဝင်ပြီး  ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများကို ပြန်လည်လက်ခံရန်အတွက် စိစစ်ရေး အဖွဲ့ အမြန်ဆုံးဖွဲ့စည်းမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ ကို အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည် ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး သံတမန်လမ်းကြောင်းမှ တစ်ဆင့် ထပ်မံ တောင်းခံသွားရန်ပါရှိသည်။

အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေးအတွက်  ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းကာ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်တို့ကို ဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Mizzima

No comments:

Post a Comment