Latest News

Monday, September 25, 2017

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ယင်လပ် ရောက်နေသည့်နိုင်ငံကို သိသော်လည်း ထုတ်မပြောဟု ချန်အိုချာ ပြော

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ယင်လပ် ရောက်နေသည့်နိုင်ငံကို သိသော်လည်း ထုတ်မပြောဟု ချန်အိုချာ ပြော

ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာ ရောက်နေသည့် နေရာကို သိသော်လည်း တရားရုံးချုပ်က ၎င်း၏ တာဝန်ပေါ့ဆမှုပြစ်မှုကို ယခု သီတင်းပတ် စီရင်ချက် မချရသေးမချင်း ထုတ်မပြောဟု ထိုင်းဝန်ကြီးချုပ် ချန်အိုချာက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

ယခု ဝန်ကြီးချုပ် ချန်အိုချာ၏ မှတ်ချက်စကားသည် လွန်ခဲ့သည့်လက ထိုင်းနိုင်ငံတွင်းမှ ပျောက်ဆုံးကာ သတင်းအစန မရတော့သည့် ယင်လပ် ရောက်နေသည့် နေရာနှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ပထမဆုံး ထုတ်ပြန်ဝန်ခံချက်လည်း ဖြစ်သည်။

ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော တာဝန်ပေါ့ဆမှုဖြင့် တရားစွဲဆိုခံရသည့် ယင်လပ်သည် သြဂုတ် ၂၅ ရက် တရားရုံး စီရင်ချက် ချမည့်နေ့သို့ လာရောက်ခဲ့ခြင်း မရှိရာ တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ်နှင့် ပတ်သက်ပြီး အမျိုးမျိုး ထင်မြင်ယူဆနေကြကာ နိုင်ငံတွင်းက ထွက်ပြေးလွတ်မြောက်သွားပြီဟု ယူဆလျက် ရှိနေသည်။

၂၀၁၄ ခုနှစ်အတွင်း စစ်တပ်၏ အာဏာဖယ်ရှားခံရသော ယင်လပ်အစိုးရ လက်ထက်တွင် လယ်သမားများအား ကူညီထောက်ပံ့ရန် ဆန်စပါး အမတော်ကြေးအစီအစဉ် ဆောင်ရွက်ခဲ့ရာ၌ အာဏာတာဝန် အလွဲသုံးစား လစ်ဟင်းမှုများ ကျူးလွန်ခဲ့သည်ဆိုကာ ယင်လပ်အား စစ်အစိုးရက တရားစွဲဆို ထားခြင်းဖြစ်သည်။

ယင်လပ်၏ အစ်ကိုဖြစ်သူ ဘီလျှံနာသူဌေးတစ်ဦးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာလည်း ကိုယ်တိုင်ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကျေးလက်ဆင်းရဲသားပြည်သူများ အားကိုးသော ရှင်နာဝတ်ထရာ နိုင်ငံရေးအသိုင်းအဝန်းနှင့် ဘုရင့်ဘက်တော်သား စစ်တပ်ထောက်ခံသည့် အထက်တန်းလွှာ နိုင်ငံရေးအုပ်စုကြား အကွဲအပြဲက ကြီးမားစွာ ရှိနေသည်။

Mizzima

No comments:

Post a Comment