Latest News

Tuesday, August 1, 2017

လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာ ၂၄၅ ဦးရှိပြီး Seasonal Influenza A (H1N1) pdm09 positive လူနာ စုစုပေါင်း ၇၆ ဦးရှိ သေဆုံးသူ အရေအတွက် ထပ်မံတိုးလာခြင်းမရှိ

လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာ ၂၄၅ ဦးရှိပြီး Seasonal Influenza A (H1N1) pdm09 positive လူနာ စုစုပေါင်း ၇၆ ဦးရှိ သေဆုံးသူ အရေအတွက် ထပ်မံတိုးလာခြင်းမရှိ


နေပြည်တော် သြဂုတ် ၁

ဇူလိုင် ၂၁ ရက်မှ ယနေ့ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ ၂၄၅ ဦးရှိပြီး ၎င်းတို့အနက် Seasonal Influenza A (H1N1) pdm09  positive လူနာစုစုပေါင်း ၇၆ ဦး၊ သေဆုံးသူ ၁၂ ဦးရှိကြောင်း၊ ထို့ကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူများ တွင် သေဆုံးမှုနှုန်းမှာ  ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင် လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 နှင့်ပတ်သက်၍  အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်း၊ ကာကွယ် ထိန်းချုပ်ခြင်း၊ ကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၃၂ ဦးကို ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A(H1N1) pdm09 အတည်ပြုလူနာ ၁၄ ဦးတွေ့ရှိရပြီး သေဆုံးလူနာမရှိကြောင်း၊ ယနေ့အထိရရှိခဲ့သော သတင်းပို့ချက်များအရ လူနာများနှင့် တိုက်ရိုက် ထိတွေ့ရသော ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါကူးစက်ခံရခြင်း မရှိကြောင်း။

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ) တွင် ဦးစားပေး ပို့ဆောင်ကုသပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီအထိ ရရှိသော ဆေးရုံတက်ရောက် လူနာစာရင်းအရ Seasonal Influenza A (H1N1) pdm09 အတည်ပြုလူနာ ၁၀ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၃ ဦး စုစုပေါင်း လူနာ ၁၃ ဦးတက်ရောက်လျက်ရှိကြောင်း။

ယနေ့ နံနက်၁၁နာရီခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို နေပြည်တော်တွင်ကျင်းပရာ အစည်းအဝေးမှ ရောဂါပိုးတွေ့ရှိ လူနာများအား သတ်မှတ်ဆေးရုံကြီး များတွင် ထားရှိကုသနိုင်ရေးနှင့် လူနာလွှဲပြောင်းမှု အသေးစိတ်အစီအစဉ်၊ ပိုးတွေ့လူနာများအား Tamiflu ဆေးဖြင့် ကုသမည့် သတ်မှတ်ချက်များ၊ လူနာများနှင့်တိုက်ရိုက် ထိတွေ့ရသော ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ် ထိုးဆေးများထိုးနှံခြင်း၊ လှူဒါန်းသည့် ဆေးနှင့်ဆေးပစ္စည်းများအား စနစ်တကျအသုံးပြုကုသနိုင်ရေးနှင့် ဖြစ်ပွားမှုများ နှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မည့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (RRT) ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌လည်း ကျန်းမာရေးအသိ ပညာပေး ဆွေးနွေးပွဲများအား နေ့စဉ်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးအသိ ပညာပေး ဆွေးနွေးပွဲများအား တက်ရောက်ခဲ့သူပြည်သူ များကလည်း မိမိ၏မိသားစုနှင့် မိတ်ဆွေများအား ဆက်လက်ပြီး ဆင့်ပွားပညာပေးနိုင်ရေး တိုက်တွန်းပြောဆိုခဲ့ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို အရေးတယူ လိုက်နာဆောင်ရွက်သွားပါက ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်း ကျဆင်း သွားမည်ဖြစ်ကြောင်း၊ ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟု ထင်မှတ်ပါ က နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေး ပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ်ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်တားဆီးရေး နည်းလမ်း များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ Myanmar CDC facebook စာမျက်နှာနှင့် နေ့စဉ် ထုတ် သတင်းစာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်း ထုတ်ပြန်သွား မည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)

No comments:

Post a Comment