Latest News

Saturday, August 19, 2017

NLD ပါတီဝင်အချို့ပါဝင်တဲ့ မီးလင်းရေးကော်မတီ ငွေကြေး အလွှဲသုံးစားတယ်လို့ စွပ်စွဲခံရ


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်တန်းထားသည့် တိုင်ကြားစာအားတွေ့ရစဉ်
ရှမ်းပြည်နယ် မိုးနဲမြို့နယ်က အောင်သပြေကျေးရွာမှာ ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက်ဆိုပြီး အိမ်ထောင်စု တစုကို ၅ သောင်းနှုန်းနဲ့ ကနဦး ကောက်ခံထားခဲ့ပြီး နောက်ကျပေးသွင်းသူတွေကို တအိမ်ကို ၁ သိန်းစီ ပေးသွင်းဖို့ ကျေးရွာမီးလင်းရေးကော်မတီကနေ အိမ်ထောင်စု ၁၀ဝ ကျော်ကို ၂၀၁၆ ခုနစ်တုန်းက ကောက်ခံထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အစိုးရဘတ်ဂျက်နဲ့ လျှပ်စစ်မီးလင်းရေး အစီစဉ်ကကျလာခဲ့ပြီး ကြိုတင်ကောက်ခံခဲ့တဲ့ ငွေတွေကို ပြန်မပေးပဲ တခြားနေရာတွေမှာ အသုံးပြုလိုက်ခဲ့ပြီး အလွှဲသုံးစားမှုတွေရှိနေတယ်လို့ စွပ်စွဲ တိုင်တန်းချက်တွေကြောင့် ပြည်နယ်လျှပ်စစ်ဝန်ကြီးက သြဂုတ်လ ၁၈ ရက်နေ့က စစ်ဆေးခဲ့တာပါ။

စစ်ဆေးမှုတွေမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပဲ ပြေလည်သွားပြီလို့ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးရွှေသိန်းက ဘီဘီစီကို ပြောပြီး တိုင်ကြားသူကလည်း တဦးတည်းဖြစ်ကာ မီးလင်းရေးကော်မတီနဲ့ ရွာရဲ့ သဘောတူညီချက်နဲ့ကောက်ခံထားတဲ့ ငွေကြေးတွေကို ရွာအတွင်းလမ်းချဲ့တာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်လျှပ်စစ်ဝန်ကြီးက ပြောပါတယ်။

တိုင်တန်းသူကော အတိုင်ခံရသူတွေပါ အန်အယ်လ်ဒီပါတီကပဲဖြစ်တယ်လို့ ဝန်ကြီးဦးရွှေသိန်းက ပြောပါတယ်။

ပြည်နယ်လျှပ်စစ်ဝန်ကြီးကတော့ အခု စစ်ဆေးမှုမှာ ညှိနှိုင်းလို့ ပြေလည်းသွားတယ်ပြောဆိုပေမဲ့ ရွာသားတွေကိုယ်စားတိုင်တန်းခဲ့သူကိုသန်းဇော်ထွေးကတော့ သြဂုတ်လ ၁၈ ရက်နေ့ တွေ့ဆုံမှုမှာ တိုင်ကြားသူဘက်ကို သေချာမေးမြန်းခဲ့တာ မရှိဘူး ဝန်ကြီးအနေနဲ့ တိုင်ကြားစာကို သေချာဖတ်ထားပုံ မပေါ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျေးရွာသားအများစုက တိုင်တန်းချင်ပေမဲ့ မတိုင်ရဲကြဘူးလို့လည်း အဲဒီကျေးရွာကို မကြာသေးခင်က ရောက်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလျှန်ကပြောပါတယ်။

တိုင်းတန်းသူရဲ့ တိုင်တန်းချက်တွေထဲမှာ ကျေးရွာမီးလင်းရေး ငွေကြေးကောက်ခံမှုအပြင် မီတာဘောက်အတွက် ငွေကောက်ခံရာမှာလည်း အစိုးရက သတ်မှတ်ထားတဲ့နှုန်းထက် အမြတ်တင်ကောက်ခံတယ်လို့ စွပ်စွဲမှုလည်း ပါဝင်ခဲ့တာပါ။

ကျေးရွာမီးလင်းရေးကော်မတီတွေနဲ့ ဒေသခံတွေအကြား အငြင်းပွားမှုတွေဟာ အခြားဒေသတွေမှာလည်း ရှိနေပြီး ကျေးရွာမီးလင်းရေး ကော်မတီတွေ ဖျက်သိမ်းရေးအဆိုကို ပြည်သူ့လွှတ်တော်မှာ မကြာခင်ဆွေးနွေးဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment