Latest News

Wednesday, August 16, 2017

ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် H1N1 လူနာလေးဦးအနက် တစ်ဦး ဆေးရုံဆင်းခွင့်ရရှိ

ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် H1N1 လူနာလေးဦးအနက် တစ်ဦး ဆေးရုံဆင်းခွင့်ရရှိ

ဟင်္သာတ သြဂုတ် ၁၆
ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် H1N1 လူနာလေးဦးအနက် တစ်ဦး ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာမှာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်မှလာရောက်ဆေးကုသမှုခံယူသူဖြစ်ပြီး ဟင်္သာတဆေးရုံ၌ တစ်ပတ်ကျော်ကြာ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန် လာသဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

 “မိုးညိုမြို့နယ်၊ ထိန်တောက လာရောက်ဆေးကုသမှုခံယူတဲ့ လူနာတစ်ယောက်ကတော့ မနေ့ က ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။ သူက ၆.၈.၂၀၁၇ ကစပြီး အသက်ရှူလမ်းကြောင်း ရောဂါ လက္ခဏာနဲ့လာရောက်ဆေးကုသမှုခံယူခြင်းဖြစ်ပါတယ်။ သူက ဆီးချိုရောဂါအခံလည်းရှိတယ်။ H1N1 သံသယရှိလို့ စစ်ကြည့်တော့လည်း Positive ဖြစ်တာတွေ့ရတယ်။ ကောင်းမွန်စွာကုသပြီး မနေ့ကပဲ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပါတယ်”ဟု ဟင်္သာတဆေးရုံအုပ်ကြီး  ဒေါက်တာတိုးတိုး ကပြောကြားသည်။

 “ဟင်္သာတဆေးရုံကြီးမှာ H1N1 လူနာ ၆ ယောက်စစ်ဆေးတွေ့ရှိထားပါတယ်။ အဲဒီ့အထဲက လေးဦးက ကလေးလူနာဖြစ်ပြီး နှစ်ဦးက လူကြီးလူနာတွေဖြစ်ပါတယ်။ ကလေးလူနာလေးဦးထဲမှာ နှစ်ဦးကတော့ ဆုံးပါးသွားပါပြီ။ လက်ရှိဆေးကုသမှုခံယူနေဆဲ ကလေးလူနာနှစ်ဦးရဲ့အခြေအနေက လည်းကောင်းမွန်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာသူရကျော်ရဲ့ပြောပြချက်အရ သိရ ပါတယ်။ တကယ်လည်း ကောင်းမွန်နေတာဖြစ်ပါတယ်။ H1N1 Positive နဲ့ ဆေးကုသမှု ခံယူနေတဲ့ ကိုယ်ဝန်ဆောင်သည်လူကြီးလူနာရဲ့ အခြေအနေကလည်း တိုးတက်မှုရှိတယ်လို့ သမားတော်ကြီး ဒေါ်တင်တင်ရီရဲ့ပြောပြချက်အရသိရပါတယ်”ဟု ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး က ဆက်လက်ပြောကြားသည်။

 သြဂုတ်လ ၁၆ ရက်၊မွန်းလွဲပိုင်းအချိန်ထိရရှိသောစာရင်းအရ ဟင်္သာတခရိုင်ဆေးရုံကြီး၌ ရာသီတုပ်ကွေးသံသယလူနာ ၃၁ ဦးရှိပြီး ၂၄ ဦး၏ Nasal Swab ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲ ဌာနသို့ ပေးပို့စစ်ဆေးထားသည့်အနက် ၁၄ ဦး၏ဆေးစစ်ချက်များ ပြန်လည်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

 ဆေးစစ်ချက်ရပြီးသည့်လူနာ ၁၄ ဦးအနက် H1N1 လူနာ (၆)ဦး၊ H3N2 လူနာ(၁)ဦး စစ်ဆေးတွေ့ရှိထားပြီး လက်ရှိတွင် H1N1 လူနာတစ်ဦးနှင့် H3N2 လူနာတစ်ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သဖြင့် ဆရာဝန်ခွင့်ပြုချက်ဖြင့် ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ဆေးစစ်ချက်၌ ရောဂါပိုးတွေ့ရှိခဲ့သည့် လူနာများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တို့မှ ဟင်္သာတခရိုင်ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူသူ များဖြစ်ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment