Latest News

Friday, August 4, 2017

H1N1 ဖြင့် ဟင်္သာတခရိုင်ဆေးရုံကြီး၌ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

H1N1 ဖြင့် ဟင်္သာတခရိုင်ဆေးရုံကြီး၌ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

ရာသီတုပ်ကွေး H1N1 ဖြင့် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုးက အတည်ပြု ပြောကြားသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက်လေးနှစ်အရွယ်ဖြစ်ပြီး ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သက္ကယ်ပြင်အုပ်စု၊ ကွင်းကလေးကျေးရွာမှ လာရောက်ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆေးရုံလာတက်တဲ့ သူတွေထဲက H1N1 သံသယရှိရင် သူတို့ကို သပ်သပ်ခွဲထားတယ်။ ပထမဦးဆုံး RDT စစ်တယ်။ အထူးကုဆရာဝန်ကြီးတွေ၊ အထူးသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးနဲ့ သမားတော်ရယ်၊ ကျွန်တော်တို့ရယ် တိုင်ပင်ပြီးတော့ RDT နဲ့ လူနာ ၈ ယောက်ကို စစ်တယ်။ စစ်တဲ့အထဲမှာမှ Type A Influza A Positive တွေ့တဲ့ကလေးလေး တစ်ယောက်ရှိတယ်။ သူကတော့ H1N1 Positive ထွက်တာ မဟုတ်ဘူး။ Influza Type A ထွက်တယ်။ သို့သော် Type A ထွက်သော်ငြားလည်း သူရဲ့လက္ခဏာတွေက ဆိုးတဲ့အတွက် နှာရည်တို့ဖတ်ယူပြီးတော့ အမျိုးသားဓါတ်ခွဲဌာနကို ပို့လိုက်တယ်။ အဲဒီ့ကလေးလေးက H1N1 Positive ဆိုတဲ့ အဖြေကို မနေ့က ရရှိပါတယ်” ဟု ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုးက ပြောကြားသည်။

အဆိုပါကလေးငယ်မှာ TB ရောဂါ နာတာရှည်ဝေဒနာ ခံစားနေရသူဖြစ်ပြီး ဟင်္သာတခရိုင် ဆေးရုံကြီးသို့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ကာ သြဂုတ်လ ၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဟင်္သာတဆေးရုံမှာ ဒီကလေးက ၁၂ နာရီလောက်နေပြီး နောက်နေ့မနက်မှာပဲ ဆုံးသွားတယ်။ ဆုံးသွားတဲ့ အခါကျတော့ သူ့ကို မီးသဂြိုလ်လိုက်တယ်။ ဒီကလေးရဲ့ အနေအထားကို ပြောရမယ်ဆိုရင် ၁၆ ရက်နေ့ ကတည်းက ရောဂါကို ခံစားနေရတယ်။ သူက အရင်ကတည်းက ကလေး TB ရောဂါကို ခံစားနေရတာ ဖြစ်တယ်။ နာတာရှည် ရောဂါသည်လေးလို ဖြစ်နေတာပေါ့။ သူ့ရဲ့သဘောသဘာဝအရ နာတာရှည်ရောဂါ ဖြစ်နေတဲ့လူမှာ ကလေးတွေမှာဆိုရင် ခုခံအားကျနေတဲ့အတွက် H1N1 ရောဂါပိုးက Theory အတိုင်း ကူးစက်မှု လွယ်တာကြောင့် ကူးစက်ခံရတာလို့ ယူဆလို့ရပါတယ်” ဟု ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုးက ဆက်လက်ပြောကြားသည်။

သေဆုံးခဲ့သည့် ကလေးတွင် H1N1 ရောဂါပိုးရှိကြောင်း သိရှိခဲ့ပြီးနောက် ၄င်း၏နေရပ် ပတ်ဝန်းကျင်၌ ရောဂါထိန်းချုပ်နိုင်ရန် အတွက်လည်း ကာကွယ်ရေး လုပ်ငန်းတွေကို ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မျိုး (ဟင်္သာတ)

Eleven Media Group

No comments:

Post a Comment