Latest News

Tuesday, August 8, 2017

ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1N1 ရောဂါပိုးရှိသူတစ်ဦး နှင့် H3N2 ရောဂါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူနှစ်ဦးအပါအ၀င် သံသယရှိလူနာ ၁၅ ဦးအထိ ရှိနေ

ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1N1 ရောဂါပိုးရှိသူတစ်ဦး နှင့် H3N2 ရောဂါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူနှစ်ဦးအပါအ၀င် သံသယရှိလူနာ ၁၅ ဦးအထိ ရှိနေ

ဟင်္သာတ သြဂုတ် ၈

           ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1N1 ရောဂါပိုးရှိသူ          တစ်ဦးနှင့် H3N2 ရောဂါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိ ထားပြီး သေဆုံးသူနှစ်ဦးအပါအ၀င် သံသယရှိလူနာ ၁၅ ဦးအထိရှိနေကြောင်း ဆေးရုံအုပ်၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

          အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနမှ စစ်ဆေးခဲ့ပြီး နောက် H1N1 ရောဂါပိုးရှိသူတစ်ဦးနှင့် H3N2 ရောဂါပိုး ရှိသူ တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သံသယ ရှိလူနာ များကိုလည်း ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

          “သံသယ ၁၅ ယောက်ရှိတယ်။ အဲဒီ့အထဲကမှ ၈ ယောက်ရဲ့ Nasal Swab ကို NHL (အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာန)ကို ပို့တယ်။ နှစ်ယောက်ကတော့ အဖြေရပြီ။ H1N1 တစ်ယောက်၊ H3N2 တစ်ယောက်။ ၆ ယောက်ကတော့ အဖြေမရသေးဘူး”ဟု ဟင်္သာတခရိုင် ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးသန္တာကြည်က ပြောကြားသည်။

          H1N1 ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာမှာ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သက္ကယ်ပြင်အုပ်စု၊ ကွင်းကလေးကျေးရွာမှ လာရောက်ဆေးကုသမှုခံယူသည့် အသက်လေးနှစ် အရွယ်ကလေးငယ်ဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ဟင်္သာတခရိုင်ဆေးရုံကြီး၌ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

          H3N2 ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာမှာမူ လက်ရှိ တွင် ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လှော်ကထား ရွာမှ လာရောက်ဆေးကုသမှုခံယူနေသည့် အသက် ၈၄ နှစ်အရွယ် အဘွားအိုတစ်ဦးဖြစ်ကြောင်း သိရသည်။

         “H3N2 တွေ့တဲ့တစ်ယောက်က အခုဆေးရုံမှာရှိ တယ်။ အခြေအနေကောင်းတယ်။ ၃ ရက်နေ့က ဆေးရုံ စတက်တာ။ အခုလက်ရှိဆေးရုံမှာပဲ။ သမားတော်ကတော့ ဆင်းပေးဖို့အစီအစဉ် ရှိ တယ်။ ဒါပေမယ့် အစ်မတို့က ပိုးတွေ့တယ်ဆိုတော့ စောင့်ကြည့်နေတဲ့သဘောပေါ့”ဟု ဆေးရုံအုပ် ဒေါက်တာအေးသန္တာကြည်က ဆက်လက်ပြောကြားသည်။

        လက်ရှိတွင် ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် သံသယရှိလူနာအချို့၏ Nasal Swab ကို ဆေးစစ်နိုင်ရန် အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပေးပို့ထားပြီး  ရှားခဲတိုက်နယ်ဆေးရုံမှ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့လာရောက်စဉ် သေဆုံးသွားခဲ့သည့် ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်၊ ဆိပ်ကြီးကျေးရွာအုပ်စု မှ လူနာနှစ်ဦး၏ရုပ်အလောင်းမှ Nasal Swab ကိုလည်း ဆေးစစ်နိုင်ရန် ထည့်သွင်းပေးပို့ထားကြောင်းသိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment