ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သည့် ကျောင်းသားတစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ၇ ဦးအထိရှိလာ
ဟင်္သာတ သြဂုတ် ၁၇
ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သည့် ကျောင်းသားတစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ၇ ဦးအထိရှိလာကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
H1N1 ၇ ယောက်မြောက်လူနာအဖြစ် စစ်ဆေးတွေ့ရှိခဲ့သည့် အသက် ၅ နှစ်အရွယ် အဆိုပါ ကလေးငယ်မှာ ဟင်္သာတမြို့၊ အမှတ်(၄၃)မူလတန်းလွန်ကျောင်း၌ KG တန်းတက်ရောက်နေသူဖြစ်ပြီး သြဂုတ်လ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
“အဲဒီ့ကလေးက ဟင်္သာတမြို့၊ တာကလေးရပ်ကွက်က ဖြစ်ပါတယ်။ သူက ၁၃.၈.၂၀၁၇ နေ့လည်မှာ ဟင်္သာတပြည်သူ့ဆေးရုံကြီးကို တက်ရောက်လာတာဖြစ်ပါတယ်။ SARI နဲ့ ပတ်သက်တဲ့ လက္ခဏာတွေနဲ့လာတာဖြစ်ပါတယ်။ လာတဲ့အချိန်မှာ ကလေးက တစ်ကိုယ်လုံးအေးစက်ပြီး သွေးလန့်သွေးဆုတ်တဲ့အနေအထားမျိုးရှိပါတယ်။ ဆေးရုံက လိုအပ်သောကုသမှုပေးခဲ့ပေမယ့် မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ သေဆုံးသွားပါတယ်။ ဒီကလေးဆုံးသွားပြီးနောက်မှာ သူ့ကို သံသယရှိတဲ့ အတွက် သူ့ရဲ့ Nasal Swab ကို NHL ဆီပို့ခဲ့ပါတယ်။ အဲဒီ့ကလေးမှာ H1N1 Positive ထွက်တယ်လို့ မနေ့ကအဖြေပြန်ရရှိပါတယ်။ ဒီကလေးက သူ့မိဘအိမ်မှာပဲဖျားနေတာ ၅ ရက်လောက်ရှိပြီလို့သိရပါ တယ်။ ၅ ရက်လောက်ဖျားပြီးမှ ဆေးရုံကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ အခြေအနေက တော်တော်ဆိုးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ဆုံးပါးသွားတယ်လို့ ယူဆပါတယ်”ဟု ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး ကပြောကြားသည်။
H1N1 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် လူနာ ၇ ဦးအနက် သုံးဦးမှာ သေဆုံးသွားပြီဖြစ်သော် လည်း ကျန်လူနာလေးဦးအနက် သုံးဦးမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသွားပြီ ဖြစ်ပြီး ကလေးလူနာတစ်ဦးသာ ဆေးရုံ၌ ကျန်ရှိတော့ကြောင်း သိရသည်။
“ကလေးလူနာ ၅ ဦးနဲ့ လူကြီးလူနာ ၂ ဦးမှာ H1N1 Positive တွေ့ပါတယ်။ ကလေးလူနာ ၅ ဦးထဲမှာ သုံးဦးက သေဆုံးသွားပြီးတော့ နှစ်ဦးဟာ ကုသမှုခံယူပြီး အဲဒီ့အထဲက တစ်ဦးက ဒီနေ့ဆင်းမှာ ဖြစ်ပါတယ်။ လူကြီးလူနာနှစ်ဦးမှာ ကျန်ရှိနေတဲ့တစ်ဦးကလည်း သက်သာပြီး ဒီနေ့ဆင်းခွင့်ရမှာဖြစ်ပါ တယ်။ H1N1 Positive တွေ့တဲ့ ၇ ယောက်ထဲမှာ ၄ ယောက်ကတော့ ဟင်္သာတမြို့နယ်ထဲက ဖြစ်ပြီး ကျန်တဲ့လူနာတွေက အခြားမြို့နယ်တွေက ဖြစ်ပါတယ်”ဟု ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး က ဆက်လက်ပြောကြားသည်။
သြဂုတ်လ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ထိရရှိသောစာရင်းအရ ဟင်္သာတခရိုင်ဆေးရုံကြီး၌ ရာသီတုပ်ကွေးသံသယလူနာ ၃၂ ဦးရှိပြီး ၂၅ ဦး၏ Nasal Swab ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲ ဌာနသို့ ပေးပို့စစ်ဆေးထားသည့်အနက် ၁၇ ဦး၏ဆေးစစ်ချက်များ ပြန်လည်ရရှိထားပြီဖြစ်ကာ H1N1 လူနာ (၇)ဦး၊ H3N2 လူနာ(၁)ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဆေးစစ်ချက်၌ ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တို့မှ ဟင်္သာတခရိုင်ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူသူများဖြစ်ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Thursday, August 17, 2017
ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သည့် ကျောင်းသားတစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ၇ ဦးအထိရှိလာ
ဟင်္သာတခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သည့် ကျောင်းသားတစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ၇ ဦးအထိရှိလာ
Reviewed by Ar Ti
on
11:06 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment