Latest News

Friday, August 11, 2017

စမ်းချောင်းလမ်းရှိ G&G စတိုးဆိုင် ဓားပြဝင်တိုက်

စမ်းချောင်းလမ်းရှိ G&G စတိုးဆိုင် ဓားပြဝင်တိုက်


ရန်ကုန်၊ သြဂုတ် ၁၁

ရန်ကုန်မြို့တော်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းရှိ G&G စတိုးဆိုင်ကို ယနေ့ (သြဂုတ်လ ၁၁ ရက်) နံနက် ၃ နာရီခန့်က နှာခေါင်းစည်း မျက်နှာဖုံးများ တပ်ဆင်ထားသည့် အဖွဲ့က ဓားပြတိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဓားပြတိုက်သည့်အဖွဲ့မှာ ပရိုဘောက် အငှားယာဉ်တစ်စီးဖြင့် ၂၄ နာရီ ဖွင့်လှစ်ရောင်းချနေသည့် G&G စတိုးဆိုင်သို့ ရောက်လာခဲ့ပြီး ဆိုင်ဝန်ထမ်းနှစ်ဦးကို ဓားဖြင့်ထောက်၍ ဆိုင်ကောင်တာအတွင်းရှိ ငွေကျပ်လေးသိန်းကျော်နှင့် ဖုန်းငွေဖြည့်ကတ်များ၊ ဆိုင်ဝန်ထမ်းတို့၏ လက်ကိုင်ဖုန်းနှင့် ဝတ်ထားသည့် ရွှေလက်စွပ်တို့ကို လုယူခဲ့သည်။

ဓားပြဝင်တိုက်ခဲ့သူများ၏ ရုပ်ပုံများနှင့် ပရိုဘောက်အငှားယာဉ် နံပါတ်တို့ကို ယင်းဆိုင်ရှိ CCTV ကင်မရာ မှတ်တမ်းမှ ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ ယင်းနေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင်နောင်ရှိ နေအိမ်များ၌ ခိုအောင်းနေသော ပြစ်မှုကျူးလွန်သည့် အဖွဲ့တွင် ပါဝင်သူ လေးဦးကို ဖမ်းမိခဲ့သည်။

ဖမ်းမိသူ လေးဦးမှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူများဖြစ်သော အသက် ၁၈ နှစ်မှ ၂၃ နှစ်ကြားရှိ လူငယ်များဖြစ်ပြီး ၎င်းတို့အဖွဲ့ အသုံးပြုခဲ့သည့် ပရိုဘောက် အငှားယာဉ်တစ်စီးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း လတ်တလော ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ယခုလပိုင်းအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ စမ်းချောင်းမြို့နယ်အပြင် အလုံ၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်တို့တွင် ၂၄ နာရီ ဖွင့်လှစ်ရောင်းချနေသော စတိုးဆိုင်အချို့မှာ အမည်မသိ လူငယ်အဖွဲ့၏ ဓားပြတိုက်ခြင်းကို ကြုံတွေ့နေရကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

The Voice

No comments:

Post a Comment