Latest News

Tuesday, August 29, 2017

ဂျော့ရှ်ဖရိုဒ်မန်းရဲ့ frontier လား၊ ထိစပ်နယ်မြေ Border Line လား နဲ့ ဘူးသီးတောင် မောင်တော အရေး


ဂျော့ရှ်ဖရိုဒ်မန်းရဲ့ frontier လား၊ ထိစပ်နယ်မြေ Border Line လား နဲ့
ဘူးသီးတောင် မောင်တော အရေး

(၁) ဂျော့ဖရိုဒ်မန်းရဲ့ နာမည်ကျော် စာအုပ်တအုပ်ရှိတယ်။ The Next 100 Years တဲ့။ ၂၁ ရာစုအတွင်းမှာ ပေါက်ကွဲလျှံကျလာစရာရှိနိုင်တဲ့ ပထ၀ီ နိုင်ငံရေး အန္တရာယ်လမ်းကြောင်းတွေ Geopolitical Fault Lines တွေကို ဖော်ပြထားပြီး၊ ထိစပ်နယ်မြေတွေလို့ ဆိုနိုင်တဲ့ Borderlines အကြောင်းကိုလည်း သီးသန့် ဖော်ပြထားတယ်။

ထိစပ်နယ်မြေဆိုတာ သာမန် နယ်စပ် Frontier နဲ့ မတူပါ။ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပေမဲ့ အချုပ်အခြာ အာဏာ အကြိမ်ကြိမ် အပြောင်းအလဲ ဖြစ်ခဲ့တဲ့ နယ်မြေတွေကို ဆိုလိုတယ်။

အဲလို ဒေသတွေမှာ အမျိုးမျိုးသော ယဉ်ကျေးမှု ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနိုင်သလို သစ္စာခံမှု အမျိုးမျိုးလည်း ရှိနေတတ်တယ်။ မတည်ငြိမ်မှု ဖြစ်နိုင်တဲ့ အခြေနေအမြဲ ရှိနေတတ်တဲ့ နေရာတွေလို့ ဆိုနိုင်တယ်။ အဲဒီလို နယ်မြေတွေမှာ သာမန် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေသည်ပင်လျှင် ဆိုးဆိုးဝါးဝါး အခြေနေတွေဆီသို့ ဦးတည်သွားနိုင်တယ်လို့ သူက သတိပေးထားတယ်။

(၂) ပြင်သစ်နဲ့ ဂျာမဏီအကြားက အဲလဆက်နဲ့ လောရိန်းနယ် ၊ အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်အကြားက ကက်ရှ်မီးယား ၊ ဆားဗီးယားနဲ့ အယ်လ်ဘေးနီးယားကြားက ကိုဆိုဗို ဒေသတွေဖြစ်ပြီး အမေရိကန် မက္ကဆီကို နယ်စပ်က နော့ဂေး အရီဇိုးနား ဆိုနိုရာတို့လို နယ်မြေတွေလည်း အဲလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ နယ်မြေတွေဖြစ်တယ်။

(၃) ဗမာပြည်မှာလည်း အဲလို နယ်မြေတွေရှိနေတယ်။ တည့်တည့်ပြောရရင်တော့ နာဂ ၊ ၀ ၊ ကိုးကန့်တို့လို နယ်မြေတွေနဲ့ အခု ဘူးသီးတောင် ၊ မောင်တောတို့လို နယ်မြေတွေပဲဖြစ်တယ်။ နာဂ လှုပ်ရှားမှုတွေဆို ကြည့်ရင် ရှင်းတယ်။ အိန္ဒိယ နာဂလန်းမှာ ဖက်ဒရယ်ပြည်နယ်ရထားသော်လည်း နှစ်ဘက်လုံးက ဆွေမျိုးစု ဆက်ဆံရေးရှိပြီး နယ်မြေသတ်မှတ်မှုဆိုင်ရာ ကိစ္စတွေနဲ့ အုပ်ချုပ်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေက တဆင့် နာဂလက်နက်ကိုင်တွေ ပေါ်လာခဲ့တယ်။ သူတို့ရဲ့ ရပ်တည်ချက်က မြန်မာပြည်က နာဂနဲ့ အိန္ဒိယ နာဂဒေသပေါင်းနိုင်ရေးပဲ။

ရခိုင်ပြည်အနေနဲ့လည်း သူကိုယ်တိုင်က အချုပ်အခြာ အာဏာ ခဏခဏ ပြောင်းဖူးခဲ့တဲ့ ဒေသပဲ ၊ အင်္ဂလိပ် အသိမ်းမခံရခင်ကတည်းက ဗမာဘုရင်တွေရဲ့ အသိမ်းခံရတယ်။ အင်္ဂလိပ်အောက်ရောက်တော့လည်း သီးခြား အုပ်ချုပ်ရေးမရတဲ့ ဒေသဖြစ်တယ်။ (ချင်း ၊ ကချင် ၊ ရှမ်း ၊ ကရင်နီက သီးခြား အုပ်ချုပ်မှု ဒေသန္တရ အချုပ်အခြာအာဏာ အပြည့်အ၀ မဟုတ်တောင် ပုံစံတမျိုးနဲ့ ဆက်ရှိ) လွတ်လပ်ရေးရတာတောင် ချက်ခြင်း ပြည်နယ်မရပဲ နောက်ပိုင်းမှ ရတဲ့ ကိစ္စဖြစ်တယ်။

(၄) စစ်အေးအလွန်အန္တရာယ်က အကြမ်းဖက်ဝါဒ အန္တရာယ်လို့ ဆိုကြတယ်။ လစ်ဘရာယ်လစ်ဇင် စတင် အားနည်းတာလည်း ၉-၁၁ လို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်သတဲ့ ။ သမ္မတဘုရှ်က စစ်ရေးပါဝါနဲ့ လစ်ဘရယ် အယူအဆ စပ်ကြားကျင့်သုံးမှု ( နီယိုကွန် အယူအဆ ) ကို နိုင်ငံတကာ ဆက်ဆံရေးမှာ အားပြုလာခဲ့သလို အီရတ် စစ်ပွဲ ကာလလောက်မှာကတည်းက တချို့တိုက်ခိုက်မှုတွေက ဥရောပနဲ့ တခြားဒေသတွေမှာ တန်ပြန်တိုက်ခိုက်မှုအချို့ စဖြစ်လာတယ်။

အခု မောင်တော ပြဿနာက နှစ်ပေါင်း ဆယ်စုနှစ်များစွာက ပြဿနာက ဖုံးမနိုင်ဖိမရ ပေါ်လာ ၊ ရောဂါက သက်တမ်းကြာလာတော့ တခြားပိုးတွေလည်း ၀င်ချင်ဝင်လာ ( သို့မဟုတ် ) ၀င်ရောက်နေလောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးကို တွေ့ရတယ်။ အကြမ်းဖက်ဝါဒကလည်း လူထုနဲ့ အစိုးရအကြား ယုံကြည်မှု အားမကောင်းတဲ့ နိုင်ငံတွေ ၊ ဗယုတ်သုတ်ခတွေဖြစ်နေတဲ့ ဒေသတွေကိုပဲ ဦးတည်စည်းရုံးလေ့ရှိတယ်။

(၅) ပြောရရင် ခေတ်အဆက်ဆက် မရိုးသားမှုတွေက တဆင့်မြစ်ဖျားခံလာပြီးတဲ့ နောက်မှာတော့ ဖုန်းမနိုင်ဖိမရဖြစ်လာတဲ့ အခြေနေပါ။ အစိုးရသစ်အနေနဲ့လည်း ဒီကိစ္စကို တာဝန်ယူဖြေရှင်းဖို့ စမတ် ပေါ်လစီ မရှိခဲ့ပါ။ အခုလတ်တလောကိစ္စက -
စစ်တပ်လည်းတိုးချထားတယ်၊ ကုလအတွင်းရေးမှူးဟောင်းကလည်း နိုင်ငံသားစစ်ဆေးမှုခံဖို့ တိုက်တွန်းတယ်၊ (ဒါပေမယ့် တပြိုင်တည်းမှာလဲ အဲဥပဒေ ကိုတော့ ရေရှည်မှာ လျှော့ပေါ့ပေးဖို့ ပြောထားတယ်)။ လွှတ်တော်ကလည်း အရမ်းကြီး မလုပ်ဖို့ ဝိုင်းပြီးတောင် ကန့် ကွက်မဲပေးလိုက်သေးတယ်။ အဲဒီလို အခြေအနေတွေကြားထဲက ကမ်းရိုးတန်း ကမ်းမြှောင်ဒေသတခုလုံး မှာ တညတည်းပြိုင်တူ လှုပ်ရှားပြလိုက်တာကတော့ ရှင်းရှင်းပြောရရင် ဘာမှမှုတော့ဆိုပြီး ဖြဲ ပြလိုက်တာပဲ။ တပ်ကိုရော၊ လွှတ်တော်ကိုရော၊ (ရခိုင်ဆိုရင် ဝေလာဝေး) ၊ကျန်သူတွေရော လုံးဝကို အရာကို မသွင်းဘူးဆိုတဲ့ သဘောပါပဲ။ ယုံကြည်မှု လုံးဝ မရှိတော့တဲ့ အနေအထားမျိုးလည်း ဆောင်နေတယ်။

စာရေးသူရဲ့ သူငယ်ချင်း ရခိုင် မော်ဒရိတ်တဦးကတော့ - ခုလို နိုင်ငံရေး အခြေအနေမျိုးမှာ အချိန်ကိုက် လုပ်လိုက်တာကတော့ တခုခုအတွက် ဖောင်ဖျက်အနေအထားမျိုးလားလို့ တောင် ထင်ရတယ်။ ထောက်လှမ်းရေး ဆိုတာ ရှိသေးရဲ့ လားလို့ မေးရမယ်။ အဖြောင့်အတိုင်း ဆိုရင် ကီလိုမီတာ ၇၀ လောက်ရှိမယ့် ဒေသ တလျှောက်မှာ ဘာခေတ်မီလက်နက်ပစ္စည်းတွေ မပါဘဲ တပြိုင်တည်း ထကြွနိုင်တဲ့အားကို ကြည့်မယ်ဆိုရင်ဖြင့် ဒါဟာ သာမန် အုံကြွမှုတော့ တော့ မဟုတ်တာ ထင်းနေပါတယ်။ လုံခြုံရေး ကျိုးပေါက်မှုကို သေချာမတွက်ဘဲ စိတ်ခံစားမှုနဲ့  အစွန်းရောက် မျိုးချစ်စိတ် နဲ့ ပဲ တုံြ့ပန်နေလို့ ကတော့ အဖြေမရနိုင်ဘူး။

အရှေ့ ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်)၊ အနောက်ပါကစ္စတန် ကနေ ယခု နောက်ထပ် (...... ဒေ့ရှ်)တခု ဖော်မလာပါစေနဲ့လို့ဘဲ မျှော်လင့်နိုင်ပါတော့တယ်။ ‘ လို့ သုံးသပ်ထားတာ သတိထားမိတယ်။

(၆) နိုင်ငံရဲ့ အနေထားကတော့ ဒီမိုကရက်တိုက်ဇေးရှင်းသွားနေတာဆိုပေမဲ့ ဒီရခိုင်လို အရေးနဲ့ တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးတွေကို အောင်မြင်စွာ မကိုင်တွယ်နိုင်ဘူးဆိုရင် ဒီမိုကရက်တိုက်ဇေးရှင်းအတွက် လမ်းချော်နိုင်တဲ့ အန္တရယ်အဖြစ် ရှိနေယုံ သာမက အစိုးရအတွက်ပါ အထိနာနိုင်တဲ့ ကိစ္စဖြစ်တယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကိုလည်း နားလည်ပေးကြဖို့ လိုသလို တဘက်မှာလည်း ပြဿ နာက ဖြေရှင်းမနိုင်ပဲ ပိုပိုရှုပ်ထွေးလာနေတာတွေက ဘာကြောင့်ဆိုတာ ပြန်သုံးသပ်သင့်တယ်။

ရှုပ်ထွေးပွေလီလှတဲ့ ကမ္ဘာ့နိုင်ငံရေး ကျားကွက်တွေအကြောင်းလည်း သိဖို့ လိုသလို အမျိုးသားရေးသတိနဲ့အတူ ဒီမိုကရေစီ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့ လိုတယ်။ ဗြိတိသျှက အယ်လဆတ်နဲ့ လောရိန်းနယ်ကို ဟစ်တလာကို ပေးဖို့ သဘောတူတဲ့ ကိစ္စမျိုး၊ ဂရိတ်ပါဝါတွေအကြား ချော့မြူပြီး နယ်မြေပေးတဲ့ ကိစ္စမျိုးတွေက အမျိုးသားရေးအတွက် သတိထားရမယ့်ကိစ္စဖြစ်တယ်။ အသိအမှတ်ပြုသွားလာခွင့်နဲ့ အခြား သင့်တင့်လျောက်ပတ်တဲ့ အခွင့်အရေးတွေကလည်း နယ်မြေတည်ငြိမ်ရေး စွမ်းဆောင်မှုတွေနဲ့ အတူ အရင်ကတည်းက လုပ်ရမဲ့ ကိစ္စတွေဖြစ်တယ်လို့ ပဋိပက္ခ ဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်သူတချို့က စာရေးသူကို ပြောတယ်။

သဘောက စံနှုန်းအခြေပြု မဟုတ်ရင်တောင် ပကတိကြုံတွေ့နေရတဲ့ အခြေအနေတွေထက် တိုးတက်မှု ရှိနိုင်တဲ့ အနေအထားမျိုး ဖန်တီးပေးထားဖို့ပါ။ ကက်ရှ်မီးယားကတော့ Conflict sensitive Resolution သဘောအရ ကြည့်ရင် အိန္ဒိယ၀န်ကြီးချုပ်နေရူးတချက် မှားခဲ့တာနဲ့ အိန္ဒိယ ဖက်ဒရယ်မှာ အမြင့်ဆုံး အဆင့် ပေးထားတဲ့ ဒေသဖြစ်တာတောင် အခုထိ ရှင်းမရတော့တဲ့ အခြေအနေပါ။ အဇ္ဇရေး-ပါလက်စတိုင်းပြဿနာ ဆိုရင်လဲ သိကြားမင်းဆင်း ဖြေရှင်းတောင် မရနိုင်တော့တဲ့ ကမ္ဘာဆုံးတိုင် တည်မယ့်ပြဿနာ ဖြစ်သွားတယ်။
Ref; The Next 100 Years
ခရက်ဒစ်- ပေးပို့သူ
Khun Gamani



No comments:

Post a Comment