" အမြန်လမ်းတွင် လူနာပို့သည့်ကား တိမ်းမှောက်၍ သုံးဦးသေဆုံး "
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတွင် ပရဟိတ လူမှုကူညီရေးအသင်းကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ချောက်မြို့နယ်မှ ဥတ္တရလူငယ်လူမှုကူညီရေးယာဉ်သည်
ချောက်မြို့နယ်အတွင်း ဆိုင်ကယ်တိမ်းမှောက်ခဲ့သည့် အမျိုးသားလူနာတစ်ဦးကို နေပြည်တော်ကုတင်၁၀၀၀ဆေးရုံ သို့ လာရောက်ပို့ဆောင်စဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယနေ့( သြဂုတ်၂၇ ရက်) မွန်းလွဲ ၁နာရီကျော်က ကားရှေ့ဘီးကျွတ်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ဆိုင်ကယ်မှောက်ပြီးခေါင်းထိထားတဲ့လူနာကိုလာပို့ရင်းခုလိုဖြစ်သွားတာပါ။အကူယာဉ်မောင်းတစ် ယောက်နဲ့လူနာစောင့်နှစ်ဦးသေဆုံးသွားတယ်။ကျန်တဲ့သူတွေကတော့ထိခိုက်ဒဏ်ရပေမယ့်စိုးရိမ်စရာမရှိပါဘူး"ဟု ၄င်းကပြောသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ယာဉ်ပေါ်တွင် အမျိုးသားခုနှစ်ဦး လိုက်ပါလာခဲ့ပြီး အမျိုးသားသုံး ဦးမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်ပေါ်တွင် လိုက်ပါလာသည့်လူနာမှာ စိုးရိမ်ရသည့်အတွက် မန္တလေးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
"ဆိုင်ကယ်မှောက်လို့ခေါင်းထိထားတဲ့တစ်ယောက်ကတော့အခြေအနေမကောင်းဘူး။ဒီနေ့နေ့လည် ပိုင်းလောက်ကဘဲမန္တလေးဆေးရုံကြီးကိုလွဲထားတယ်။ကျန်တဲ့လူနာတွေတော့တိုက်နယ်ဆေးရုံမှာတင်ပေးထားတယ်"ဟု ပေပင်လေးအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တယ၀န်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အမြန်လမ်းရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ-အမြန်လမ်းကိုကို
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment