Latest News

Thursday, August 3, 2017

တုပ်ကွေး နဲ့ပြိုင် မေမေ နိုင်မလား ...

တုပ်ကွေး နဲ့ပြိုင် မေမေ နိုင်မလား ...

သီဟသွေး

 နိုင်ငံအနှံ့အပြားမှာ စစ်မျက်မှာဖွင့်ပြီး ပျောက်ကြားစစ်အသွင်သဏ္ဌာန် နဲ့ ခြုံခိုတိုက်ခိုက်ခဲ့လာတဲ့ H1N1 ပြင်းထန်ရာသီ တုပ်ကွေး ကူးဆက်ရောဂါပိုး ၊ ပူးပေါင်းအဖွဲ့ H5N1 တို့ နဲ့ အုပ်ချုပ်ရေးအတွေ့အကြုံ သွေးပူခါစ တနှစ်သား အရပ်သား အစိုးရသစ် တို့အကြား ဇူလိုင်လအတွင်း ရင်ဆိုင်ထိတွေ့မှု တိုက်ပွဲကာလဟာ အခုဆိုရင် ရက်သတ္တပတ် ၂ ပတ် နီးပါးအချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ် ။ နောက်ဆုံးရရှိထားတဲ့ အတည်ပြုပြီး သတင်းအချက်အလက်တွေ အရ ပြည်သူလူထု ၆၂ ဦး တိုက်ခိုက်ခံခဲ့ရပြီး အဲဒီ အထဲက ၁၂ ဦး ဟာ H1N1 လက်ချက်နဲ့  သေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိအနေအထားအရ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူလူထုတွေဟာ အဆိုပါ H1N1 ရာသီတုပ်ကွေးကို ရင်ဆိုင်ကြဖို့ စိုးရိမ်တကြီး နဲ့ပြင်ဆင်လှုပ်ရှားလျက်ရှိကြပါတယ် ။ အထူးသဖြင့် ရန်ကုန်မြို့ အပါအဝင် လူဦးရေ အထူထပ်ဆုံး မြို့ပြတွေမှာ စိုးရိမ်မှုတွေ အလွန်အမင်းမြင့်တက်နေပါတယ် ။ ဒီ ရာသီတုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိတာကို အများပြည်သူတွေ အနေနဲ့ စတင်သိရှိကြတဲ့အချိန်မှာ ဒီရောဂါ နဲ့ သေဆုံးသူတွေ ရှိနေပြီဖြစ်တာကြောင့် သတင်းကွန်ယက်တွေ နဲ့ ထိဆက်နေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာ ယူဆပြောဆိုချက်တွေ တမဟုတ်ချင်း ပေါ်ပေါက်ခဲ့ပြီး စိုးရိမ်မှုတွေဟာ တဖြည်းဖြည်း တညီးညီး နဲ့ တောက်လောင်လာခဲ့ပါတယ် ။ ဒီလို နဲ့ H1N1 နဲ့ H5N1 တွေ့ရှိမှုသတင်းတွေ ဟာ နေ့စဉ် ရက်ဆက်ဆိုသလို  ပေါ်ထွက်လာခဲ့ပြီး လွယ်ကူမြန်ဆန်တဲ့ အင်တာနက် လူမှုကွန်ယက်တွေကြောင့် အစိုးရ တာဝန်ရှိသူတွေ က အတည်ပြုထုတ်ပြန်တဲ့ သတင်းတွေ ထွက်ပေါ် မလာသေးခင် H1N1 ကူးစက်ရောဂါသည်တွေ့ရှိမှုတွေနဲ့ ရောဂါ ကြောင့် သေဆုံးမှု စတဲ့ သတင်းပေါင်းစုံဟာ အင်တာနက် လူမှုကွန်ယက်ကနေတဆင့် လူထုအကြားမှာ အမျိုးမျိုးပျံ့နှံ့မှုတွေ ရှိလာခဲ့ပြီး ကောလာဟလသတင်းများပါ ပျံ့နှံ့ရိုက်ခတ်ကုန်ပါတယ် ။ ရောဂါပြန့်ပွားမှု နဲ့ သေဆုံးမှုသတင်းတွေ အလျင်အမြန်ပေါ်ထွက်လာနေပေမယ့် တစ်ဖက်မှာ  ဒီကူးဆက်ရောဂါ ပျံ့နှံ့နေမှုကို ရပ်တန့်စေပြီး တိုက်ဖျက်နိုင်မယ့် အစိုးရရဲ့  ရောဂါကာကွယ် တိုက်ဖျက်ရေး ကျန်းမာရေးအစီအမံတွေ ကို ရုတ်တရက်မမြင်မတွေ့ကြရတဲ့ အတွက် အစိုးရ ကို အားမလို အားမရဝေဖန်မှုတွေ ပြစ်တင်မှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ် ။ တကယ်လည်း ဒီကူးစက်ရောဂါဟာ ကပ်ရောဂါအဖြစ် ကူးပြောင်းသွားမယ်ဆိုရင် တိုင်းပြည်အတွက် မကြုံဖူးလောက်အောင် ဆိုးရွားတဲ့ ကြမ္မာဆိုးကြီး နဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှဖြစ် ပြီး လူ့ အသက်ပေါင်းများစွာလည်း ပျက်စီး ဆုံးရှုံးကြရမှာ မလွဲပါဘူး ။ ဒါကြောင့် ဒီ H1N1 ရာသီတုပ်ကွေးဟာ ဘယ်လောက်အထိ ကျယ်ပြန့်နေပြီလဲ ၊ ဘယ်လောက်အထိ ဆိုးရွားနေပြီလဲ ၊ အစိုးရအနေနဲ့ ဒီပြဿနာအရေး ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသလဲဆိုတာ ကျွန်တော်တို့သိနားလည်ဖို့လိုပြီဖြစ်ပါတယ် ။

ပထမဆုံး ပြောချင်တာကတော့ အခု ရာသီတုပ်ကွေးအရေးအခင်းမှာ အစိုးရဟာ နယ်ပယ် နှစ်ခုကို အာရုံစိုက်ပြီး စီမံ ဆောင်ရွက်နေရပါတယ် ။ ပထမ နယ်ပယ်တစ်ခုက အားလုံးသိကြတဲ့အတိုင်း ကျန်းမာရေးနယ်ပယ် ဖြစ်ပါတယ် ၊ ဒုတိယ နယ်ပယ်တစ်ခုကတော့ အုပ်ချုပ်ရေးနယ်ပယ်ပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ ပြည်သူ အများစုအနေနဲ့ အခုလို ကူးစက်ရောဂါကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာကို ရိုးရိုးပဲ ကျန်းမာရေး ပြဿနာလိုမြင်ကြတာဖြစ်တာကြောင့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကို နှေးကွေးတယ် ၊ မထိရောက်ဘူး၊ မလုံလောက်ဘူး လို့ ယူဆပြီး ပြစ်တင်ပြောဆိုနေကြတာဖြစ်ပါတယ် ။ တကယ်တော့ ဒီကျန်းမာရေး ပြဿနာ အနောက်မှာ အရိပ်လိုကပ်ပါလာတဲ့ အုပ်ချုပ်ရေးပြဿနာ ဆင့်ကဲဖြစ်စဉ်တွေဖြစ်တဲ့ စီးပွားရေး ၊ အုပ်ချုပ်ရေး တည်ငြိမ်မှု ပျက်ပြားခြင်း နောက်ဆက်တွဲ ပြဿနာတွေ ရှိနေပါတယ် ။ အစိုးရအနေနဲ့ ဒီနောက်ဆက်တွဲ ပြဿနာတွေ ကို သတိထား မဆင်ခြင်လို့ မရဘူးဆိုတာ အသေအချာပဲဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကလည်း မူလ ကတည်းက သိပ်ပြီးတည်ငြိမ်လှတယ်လည်း မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ် ။ ၂၂-၇-၂၀၁၇ နေ့မှာ H1N1 ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားနေမှုကိုအစိုးရက အတည်ပြုထုတ်ပြန်ပြီးတဲ့နောက်မှာ အင်တာနက်သတင်းစာမျက်နှာတွေမှာ " အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံဘက်က လူဝင်မှုတွေကို တားမြစ်ပိတ်ပင်လိုက်ပြီ " ဆိုတဲ့ သတင်းမျိုး ၊ နိုင်ငံတကာလေဆိပ်တွေမှာ မြန်မာနိုင်ငံသား ဆိုရင် ဖမ်းဆီးထိန်းသိမ်းနေတယ် " ဆိုတဲ့ လုပ်ကြံသတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။ အခုလို  လူသေဆုံးမှုတွေ ရှိနေတဲ့ အပြင် မမြင်နိုင်တဲ့ ရောဂါပိုးပျံ့နှံ့မှုတွေလည်းရှိနေတာကြောင့် တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာပေးဖို့ လောဆော်တဲ့ အသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ် ။ သို့သော်လည်း လက်တွေ့မှာတော့ အစိုးရအနေနဲ့ အခုလို နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ကောလာဟလသတင်းတွေ ၊ အထိတ်တလန့်ဖြစ်စေနိုင်မယ့် ချဲ့ကား ခြောက်လှန့်တဲ့ သတင်းတွေကို တည်တည် ငြိမ်ငြိမ် နဲ့ ရင်ဆိုင်သွားတာကို တွေ့ရပါတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ ရုတ်တရက်မမြင်မိတဲ့ အုပ်ချုပ်ရေး ပြဿနာတွေ ရှိပါတယ် ။ စိုးရိမ် သတိဆိုတာ ပိုတယ်လို့ မရှိဘူးဆိုပေမယ့် စိုးရိမ်စိတ်ပြင်းထန်မှုကြောင့် ရရှိမယ့် အထွေထွေဘေးဥပါဒ် ကိုလည်း သတိထားဆင်ခြင်နိုင်ရမှာဖြစ်လို့ အစိုးရအနေနဲ့ ကျန်းမာရေးကိစ္စကိုတင် စီမံနေရတာမဟုတ်ဘဲ အကြောက်တရားလွန်ကဲမှု ၊ ကစင့်ကလျားဖြစ်စေမှုကိုပါ တွက်ဆ စီမံနေရတာဖြစ်ပါတယ် ။ ရောဂါ ပြန့်ပွားမှု အပေါ်မှာ အကြောက်တရားနဲ့ နောက်ဆက်တွဲ သံသယတွေ ကြီးထွားလာရင် ဟိုဘက်ရပ်ကွက်က ဒီဘက်ရက်ကွက်ကို အလာမခံတာ၊ ဟိုမြို့ကနေ ဒီမြို့ ကို အကူးမခံတာတွေ လူထု နဲ့ ချီပြီးဖြစ်လာရင် မတည်ငြိမ်မှုတွေ ပေါက်ဖွားလာမှာဖြစ်လို့ ကုန်စည်စီးဆင်းမှုတွေပါ ရပ်တန့်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို နေရာ အနှံ့အပြားမတည်ငြိမ်မှုတွေ ဖြစ်လာရင် အရပ်ဘက် အုပ်ချုပ်ရေး ယန္တယားတွေ ရပ်တန့်သွားမှာလည်းဖြစ်ပါတယ် ။ မမြင်နိုင်တဲ့ ရောဂါဘယ ဆိုတာ လူတွေအပေါ် ကြီးမားတဲ့ အကြောက်တရားကို ဖြစ်စေနိုင်တာကြောင့် တည်ငြိမ်မှုပျက်သွားရင် လွယ်လွယ် နဲ့ ယုံကြည်စိတ်ချရမှု ပြန်လည်ထူထောင်နိုင်မှာမဟုတ်ပါဘူး ။ လက်ရှိ H1N1ရာသီ တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားနေမှုအပေါ် အစိုးရ ရဲ့ စီမံဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်မယ်ဆိုရင်လည်း အစိုးရရဲ့ လက်ရှိ ဆောင်ရွက်မှုတွေဟာ အခုအချိန်အထိ လုံလောက်မှုရှိတယ် လို့ပဲပြောရပါလိမ့်မယ် ။ တကယ်တော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံ၊ အစိုးရမှာမှ လေထဲမှာပျံ့နှံ့နေတဲ့ ၊ အရာ ၀တ္ထုတွေ အပေါ်မှာ စွဲကပ်လျက်ရှိနေတဲ့ ၊ လူ့ခန္ဓာထဲရောက်နေပေမယ့် အစွမ်းမပြသေးတဲ့  H1N1 ရောဂါပိုးကို ဒီအတိုင်းမျက်လုံး နဲ့ ကြည့်ရုံနဲ့ မြင်နိုင်တဲ့ အစွမ်းမရှိကြပါဘူး ။ H1N1 ရောဂါပိုးဟာ လူ့ ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီး တုပ်ကွေးရောဂါလက္ခဏာ ပြလာမှ သာ သတိပြုနိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် အခု အချိန်မှာ ပြည်သူတွေ အနေနဲ့ မိမိကိုယ်တိုင်မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်က တစ်စုံတစ်ယောက်မှာ တုပ်ကွေးလက္ခဏာပြလာပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက် စမ်းသပ်စစ်ဆေးမှု ခံယူရပါမယ် ။ ပြည်သူလူထုက ဒီလိုဆောင်ရွက်သော်လည်းပဲ အစိုးရ ကျန်းမာရေးဌာနတွေအနေနဲ့ ချက်ချင်းဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ ဒါဟာ အစိုးရရဲ့ တာဝန်လစ်ဟင်း ပေါ့လျော့မှုလို့ ပြောနိုင်ပါတယ် ။ အခုအချိန်မှာတော့ အစိုးရအနေနဲ့ H1N1 ရာသီတုပ်ကွေး ကူးစက်ရောဂါ ဖြစ်ကြောင်းအတည်ပြုနိုင်တဲ့ ဖြစ်စဉ်တွေမှာ ဖြစ်ပွားရာနေရာဒေသဝန်းကျင်တွေမှာ လိုအပ်တဲ့ ရောဂါရှာဖွေ ထောက်လှမ်းရေး ၊ ပျံ့နှံ့ ကူးစက်နိုင်မှုများ ခြေရာခံရေး လုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အစိုးရအနေနဲ့ အဓိက ဆောင်ရွက်နေတဲ့ ဗျူဟာကတော့ ကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးပါပဲ ။ ဒါကြောင့် လူကြားထဲသွားလာတဲ့အခါ Mask နှာခေါင်းစည်းတွေကို အသုံးပြုကြဖို့ ၊ လက်များကို အမြဲ ဆေးကြာသန့်စင်ထားဖို့ အသိပေးနှိုးဆော်နေပါတယ် ။ ဒီပြဿနာဟာ အခုလောက်ဆောင်ရွက်ထားရင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ လုံလောက်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ခရီးဝေးကနေ ကူးသန်းလာရောက် ပါဝင်ရတဲ့ လူထုအစည်းအဝေး ပွဲလမ်းသဘင်တွေကို မလုပ်ဖို့ ၊ ဒါမှမဟုတ် အဲဒီလိုပွဲလမ်းသဘင်တွေမှာ တင်ကြို စောင့်ကြည့်စစ်ဆေးမှုတွေလုပ်ဖို့ပဲဖြစ်ပါတယ် ။ ဒီနေရာမှာ မန္တလေးတိုင်း အစိုးရအနေနဲ့ တောင်ပြုံး နတ်ပွဲသဘင် ကျင်းပခွင့်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ အလွန်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ် ။ သို့သော်လည်း ရန်ကုန် မန္တလေး အပါအဝင် နိုင်ငံ အနှံ့အပြားက အချက်အချာကျတဲ့ မြို့ကြီးတွေ ၊ ကုန်သွယ်လမ်းဆုံမြို့ကြီးတွေ၊ လူဦးရေထူထပ်တဲ့မြို့ကြီးတွေ၊ ရာသီတုပ်ကွေး အတည်ပြုချက်ရရှိထားတဲ့ ဖြစ်စဉ် ဖြစ်ပွားရာ ဒေသတွေ စတဲ့ နေရာဒေသတွေမှာ အစိုးရအနေနဲ့ ကွင်းဆင်းစစ်ဆေး ရှာဖွေမှုတွေကို ကွက်ကျား လက်တည့်စမ်း ( Random )နည်းနဲ့ လုပ်ဆောင်သင့်ပါတယ်။

အခုလို H1N1 ရာသီတုပ်ကွေး ဖြစ်ပွားမှုဟာ အရပ်သား အစိုးရသစ်အတွက်ရော ပြည်သူလူထုအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အတွေ့ အကြုံကောင်းအဖြစ် သဘောထားပြီး တက်ညီလက်ညီရင်ဆိုင်ကြမယ်ဆိုရင် တိုင်းပြည် အနာဂတ် ကျန်းမာရေး တည်ဆောက်ရေးအတွက်အကောင်းဆုံး အခွင့်အရေးလည်းပဲဖြစ်ပါတယ် ။ ဒီနေရာမှာ လတ်တလော သင်ခန်းစာယူစရာတွေလည်းရှိပါတယ်။ အဲဒါကတော့ သတင်းထုတ်ပြန်ဆောင်ရွက်မှုတွေပဲဖြစ်ပါတယ် ။ လက်ရှိ ခေတ်ကာလ ရဲ့ သတင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဆေးရုံတစ်ရုံမှာ တုပ်ကွေး လူနာတစ်ယောက်တွေ့ရှိရပြီ သို့မဟုတ် သေဆုံးသွားပြီ ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက အဆင့်ဆင့်တင်ပြနေချိန်မှာ Facebook လူမှုကွန်ယက်တွေ နဲ့ ပုဂ္ဂလိကသတင်းဌာနတွေမှာ ဒီသတင်းဟာ ဖေါ်ပြပြီးဖြစ်နေတာကို တွေ့ကြပါလိမ့်မယ် ။ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ သတင်းမှန်တွေ ထွက်ပေါ်လာတာဟာ ပြဿနာ လို့ မဆိုနိုင်တဲ့အပြင် တခါတလေ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်စဉ်သစ်တွေကိုလည်း ထောက်လှမ်းတွေ့ရှိနိုင်ပါတယ်။ သို့သော်လည်း ဒီသတင်းအရှိန်အဟုန်နဲ့ အားကို အသုံးချပြီး ဘေးကနေ၊ နောက်ကနေ ကပ်လိုက်လာမယ့် ကောလာဟလက အသုံးပြုထိုးနှက်မှုတွေရှိနေပါတယ် ။ ဥပမာ တုပ်ကွေး ကုသတဲ့ဆေးတွေ ပြတ်ကုန်ပြီ ၊ Mask နှာခေါင်းစည်းတွေ ပြတ်ကုန်ပြီ ၊ သုံးရေ ဘယ်နှစ်ရက် ပြတ်လပ်မယ် ၊ ကူးစက်ရောဂါသည်လူနာတွေ တင်ဆောင်ထားတဲ့ ကားတွေ ဘယ်မြို့ကို ဦးတည်ပြီးထွက်သွားပြီ ဆိုတာမျိုးတွေဖြစ်ပါတယ်။ ဒီလို အတည်ပြုလို့မရနိုင်တဲ့ သတင်းတွေဟာ လူတွေရဲ့စိတ်မှာ စိုးရိမ်မှုမြင့်တက်လာအောင် ထွက်ပေါ်လာရုံသက်သက်ပဲဖြစ်ပါတယ် ။ ဒါမျိုးတွေကိုတော့ အစိုးရ အနေနဲ့ တားဆီးချေဖျက်နိုင်ဖို့လိုပါတယ်။ အင်တာနက် စာမျက်နှာတွေနဲ့ လူမှုကွန်ယက်တွေမှာ ကြေညာချက်တွေ ထုတ်နေရုံ နဲ့ မလုံလောက်ပါဘူး။ လေးပင်တဲ့ စကားလုံးတွေ ၊ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်တွေများတဲ့ ကြေညာချက်တွေဟာလည်း သာမန်အရပ်သားနားမလည်နိုင်တဲ့အတွက် အသိပေး၊ ပညာပေးကြေညာချက်တွေကို ရိုးရှင်းတိုတောင်းပြီး ထိရောက်တဲ့ ပုံသဏ္ဌာန်နဲ့လည်းထုတ်ပြန်သင့်ပါတယ် ။ ဒီတုပ်ကွေး အရေးအခင်းဟာ အစိုးရအတွက်ရော ပြည်သူလူထုအတွက်ပါ အသုံးချသင့်တဲ့ လက်တွေ့ လေ့ကျင့်ရေး  ဆောင်ရွက်ရေး သင်ခန်းစာတွေဖြစ်ပါတယ် ။ တကယ်တန်း အခုထက်ဆိုးရွားတဲ့ ဘေးရောဂါ ကပ်ဆိုးတွေ ကြုံတွေ့ရတဲ့အခါ အကောင်းဆုံး ပြင်ဆင်ရင်ဆိုင်နိုင်ကြမှာပဲဖြစ်ပါတယ် ။

အခုလို စိုးရိမ်စိတ်ကြီးထွားမှုတွေရဲ့ အဓိက အခြေခံသဘောတရားကတော့ လူနာသေဆုံးမှုတွေပဲဖြစ်ပါတယ် ။ ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ သေဆုံးနေတဲ့ သတင်းတွေ ထွက်ပေါ်နေသမျှ ဒီအကြောက်တရားနဲ့စိုးရိမ်ပူပန်မှုတွေ တည်ရှိနေမှာပဲဖြစ်ပါတယ် ။ ဒါကြောင့် အခုတွေ့ရှိထားတဲ့ ၆၂ ဦးသော ကူးဆက်ခံ လူနာတွေ ထဲက ကျန်ရှိနေသေးတဲ့ သူတွေရဲ့အသက်ကို ထပ်မံဆုံးရှုံးမှုမရှိရလေအောင် ကြပ်ကြပ်မတ်မတ် ကုသပေးဖို့လိုပါတယ်။ ဒီ ရာသီတုပ်ကွေးရောဂါ H1N1 ဟာ အချိန်မီ ကုသလို့ ပျောက်ကင်းနိုင်တယ် ဆိုတာ သေချာခိုင်မာလာတာနဲ့အမျှ စိုးရိမ်စိတ်တွေဟာလည်း တဖြည်းဖြည်းလျော့ကျသွားမှာဖြစ်ပါတယ် ။ ဒါကြောင့် လူမှာ ဒီရောဂါကိုတွေ့ရှိမှုတွေ ရုတ်တရက်ပပျောက်မသွားနိုင်ရင်တောင် ရောဂါကို နိုင်နိုင်နင်းနင်း တိုက်ဖျက်နိုင်စွမ်းကို ပြသနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဒီတစ်ပွဲတော့ နိုင်လိုက်ပြီလို့ ပြောနိုင်မှာဖြစ်ပါတယ် ။ နောက်တခါ အရေးပါတဲ့ ရောဂါဗေဒ ဆိုင်ရာ သီအိုရီပြဿနာတစ်ခုလည်းရှိပါသေးတယ် ။ အဲဒါကတော့ အခု လတ်တလော မြန်မာနိုင်ငံမှာတွေ့ရှိနေတဲ့ H1N1 / H5N1 / H3N1 တွေပေါင်းပြီး  ထိန်းမနိုင်သိမ်းမရ အဆင့်ရှိနိုင်တဲ့ ပိုးသစ်တမျိုးပေါက်ဖွားလာနိုင်တယ်ဆိုတဲ့ အယူအဆတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ် ။ ဒီကိစ္စဟာ ပညာရှင်တွေ သိုသိုသိပ်သိပ်ရှာဖွေတွက်ချက်ရမယ့် ကိစ္စဖြစ်ပါတယ် ။ ဆေးပညာ ဗဟုသုတ အဆင့်မမြင့်မားလှ တဲ့ သာမန် လူထုအကြားမှာ ပျံ့နှံ့သွားရင် A little knowledge is a dangerous thing " လို့ ဆိုတဲ့ အတိုင်း လူထုအသိုင်းအဝိုင်းအကြားမှာ ဘာမှန်းမသိတဲ့ကြောက်စိတ်တစ်ခုပိုလာတာပဲ အဖတ်တင်ပါလိမ့်မယ် ။ ဒါကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ် ။ ပညာရှင်တွေ နဲ့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ကတော့ ဒီလို အကျိုးဆက် ရောဂါဆန်း ပေါက်ဖွားမှုကိုတော့ အလေးအနက်ဆင်ခြင် စူးစမ်း ရှာဖွေ နေရမှာကတော့ အမှန်ပဲဖြစ်ပါတယ် ။

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာတစ်ခုကတော့ လက်ရှိ H1N1 ရာသီတုပ်ကွေးအရေးဟာ ပေါ့ဆမနေသင့်တာ လျှော့တွက်မထားသင့်တဲ့ စိန်ခေါ်မှုပြဿနာ ဖြစ်တယ်ဆိုပေမယ့်လည်း အကြောက်လွန် စိုးရိမ်လွန်ပြန်ရင် ည်း တစ်ဘက်မှာ နောက် ဆက်တွဲ ဘေးဥပဒ်ကလည်းကြီးမားပါတယ် ။ ဒါကြောင့် အားလုံး သတိတရားရော အသိတရားပါ မြင့်မြင့်မားမားထားကြစေချင်ပါ တယ် ။ လက်ရှိအနေအထားနဲ့ ပတ်သက်တစ်ခုထောက်ပြချင်ပါတယ် ။ ဂျပန်၊ အမေရိကန် ၊ ဗြိတိန် နဲ့ ဥရောပနိုင်ငံတွေဟာ တိုင်းတပါးမှာ ရောက်ရှိနေကြတဲ့ သူတို့ နိုင်ငံသားတွေကို ဘယ်တော့ မှ ဘေးအန္တရာယ်တွေအကြားမှာပစ်ထားလေ့မရှိပါဘူး ။ မြန်မာနိုင်ငံမှာ အဲဒီ တိုင်းပြည်တွေကနေ လာရောက်နေထိုင်လျက်ရှိသူရော၊ ခေတ္တ ယာယီ ရောက်နေတဲ့ ခရီးသွားတွေရော အပါအဝင် သောင်းနဲ့ချီပြီးရှိပါတယ် ။ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ ရဲ့ သက်ဆိုင်ရာ သံရုံးတွေ ကနေ H1N1ကြောင့် သူတို့ရဲ့နိုင်ငံသားတွေကို မြန်မာပြည်ကထွက်သွားဖို့ ၊ သို့မဟုတ် မြန်မာပြည်ကို မလာကြဖို့ သတိပေးထုတ်ပြန်ထားခြင်း ခုချိန်ထိမရှိသေးပါဘူး ။ ဒါဟာ မကြောက်တတ်လို့ မစိုးရိမ်တတ်လို့ မဟုတ်ပါဘူး ။ ရောဂါ ကာကွယ်တားဆီးရေး အသိပညာရော ၊ အလေ့အကျင့်ရော အားကောင်းနေကြတဲ့ သူတွေဖြစ်လို့ အမှန်တကယ် စိုးရိမ်ကြောက်လန့်ရမယ့်အချိန်မဟုတ်သေးမှန်း သိကြတာပါပဲဖြစ်ပါတယ် ။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လက်ရှိ ရာသီတုပ်ကွေး အရေးမှာ တည်တည်ငြိမ်ငြိမ် နဲ့ အခုလို ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းနေတာဟာ အလွန်အားရကျေနပ်စရာ ကောင်းပေမယ့် ပြည်သူလူထုရဲ့ ကြောက်လန့်စိုးရိမ်မှုတွေကိုလည်း တည်ငြိမ်သွားအောင်လုပ်နိုင်ဖို့ လိုပါတယ် ။ လူမှုကွန်ယက်ကမ္ဘာ မှာ ဘဝတစ်ခြမ်းထားပြီးနေထိုင်နေကြတဲ့ ဒီကနေ့ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ ဒီရောဂါကြောင့် ပူလောင်နေကြတယ် ၊ စိတ်သောကရောက်နေကြတဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာ ကိုယ့် စိုးရိမ်ပူပန်မှုကိုလည်း အားလုံး ကို လွယ်လင့်တကူ ကူးစက်ဖြန့်ချိပေးသလို ၊ တပါးသူတို့ရဲ့ စိုရိမ်ပူပန်မှုတွေကိုလည်း တဆင့်ခံ ဖြန့်ဖြူးနေကြပါတယ် ။ အင်တာနက်လူမှု ကွန်ယက်မှာ ဖြစ်ပေါ်နေတဲ့ H1N1 ရာသီတုပ်ကွေး အပူရောဂါ ကူးစက်ပြန့်ပွားမှုက မြေပြင်မှာဖြစ်ပွားနေတဲ့ တုပ်ကွေး ရောဂါကူးစက်မှုထက်ပိုမိုပြင်းထန်ကျယ်ပြန့်လှပါတယ်။ ဒီ အပူကူးပြန့်ပွားမှု အကျိုးဆက်အာနိသင်ကလည်း တိုင်းပြည် အုပ်ချုပ်ရေး စီးပွားရေး လူမှုရေး နယ်ပယ်တွေအထိ အချိန်တိုအတွင်း ခရီးပေါက်နိုင်ပါတယ် ။ ဒါကြောင့် ဒီတစ်ပွဲမှာတော့ အစိုးရသစ်နဲ့ ပြည်သူတွေ အကြား အပြန်အလှန် ယုံကြည် အားကိုးမှုတွေ နဲ့ တက်ညီလက်ညီရင်ဆိုင်ဖြေရှင်းကြပြီး သမိုင်းမှတ်တိုင်တစ်ခုထူပြနိုင်ကြဖို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါတယ်။ ကဲ ..ဒီတစ်ပွဲမှာ လည်း .. မေမေ နိုင်မှ ဖြစ်မှာပါ .. လို့သာ ....။

The Speaker Vol1 No 35
မှတ်ချက်   ။ ဤ ဆောင်းပါးရေးစဉ်က သေဆုံးသူ ၁၂ ဦးသာရှိပြီး အခု Facebook တွင်ဖေါ်ပြသော အချိန်၌ ၁၃ ဦးရှိသွားပြီဟုသိရှိရပါည် ။
Cd

No comments:

Post a Comment