Latest News

Tuesday, August 8, 2017

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးနှင့် ဒီမိုကရေစီပန်းတိုင်

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးနှင့် ဒီမိုကရေစီပန်းတိုင်

လွန်ခဲ့သော နှစ်ဆယ့်ကိုးနှစ်။ ၈ ဩဂုတ် ၁၉၈၈ မှာ ခေတ်သစ်မြန်မာ့သမိုင်းတွင် အကြီး အကျယ် ဆုံးပြည်သူ့ ဆန္ဒဖော်ထုတ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ ပြည်သူ လူထုတစ်ရပ်လုံး၏ ဒီမိုကရေစီလို လားမှုကို ဖော်ထုတ်ဆန္ဒပြခဲ့သည့် ပြည်သူ့အရေးတော်ပုံကြီး။ လူအုပ်စုလေးတစ်စု၏ ဆန္ဒပြပွဲမဟုတ်။ နီးစပ်ရာစု ဝေးထားသည့် လူတစ်စု၏ သပိတ်မှောက်ပွဲမဟုတ်။ လူတချို့၏ အကျိုးစီးပွားကို အမှီပြုကာ ရပိုင်ခွင့်တောင်းဆိုသည့် ပွဲလေးမဟုတ်။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်တစ်နံ တစ်လျား၊ တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက်၊ ပြည်ထောင်စု တိုင်းရင်းသားအသီးသီးတို့ မိမိတို့၏ ကိုယ်တိုင်ဆန္ဒများတူညီစွာဖြင့် တစုတရုံးတည်း၊ တညီတညွတ်တည်းသော ဧရာမလူထုကြီး၏ အရေးတော်ပုံကြီး။ လူပင်လယ်ကြီးများက အမြို့မြို့အနယ် နယ်မှာ လှိုင်းလုံးကြီး များနှယ် တလိမ့်လိမ့်ဖြန့်ကြက်ထားပြီး ဒီမိုကရေစီရရှိရေးဟူ သည့်ကြွေးကြော် သံများကို ဘဝဂ်ညံအောင်ဟစ်ဆိုခဲ့ကြသည်။ နိုင်ငံတွင်းမှာရှိသော လူတစ်ဦးချင်းစီမှာ တန်းတူညီမျှရှိရမည့် ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုခဲ့ကြသည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော နိုင်ငံသားတို့၏ မူလအခွင့် အရေးကို အပြည့်အဝပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြသည်။
ကိုယ့်နိုင်ငံ၏ အရေးကိစ္စများကို ပြည်သူလူထုကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်ရန် ပြည်သူတို့က ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသော အစိုးရတစ်ရပ်ကို ရရှိနိုင်ရန် အတွက် တောင်းဆိုခဲ့ကြသည်။
ရွေးကောက်ပွဲများကျင်းပပြီး ပြည်သူ့ကိုယ်စားလှယ်များနှင့် ပေါ်ပေါက်လာသော လွှတ်တော်များ၊ လွှတ်တော်များက ရွေးချယ် ဖွဲ့စည်းသည့် အစိုးရအဖွဲ့တို့က နိုင်ငံ၏အချုပ်အခြာအာဏာကို အမှန်တကယ် ပိုင်စိုး သည့် အစိုးရအဖွဲ့ကို ပြည်သူ့သဘောကျလွှဲပြောင်းပေးချင်သည်။

နိုင်ငံ၏ အချုပ်အခြာအာဏာဟူသည် ပြည်သူတို့ကသာ ပိုင်၏။ ပြည်သူတို့ ပိုင်ဆိုင်သော အချုပ်အခြာအာဏာကို ပြည်သူ တို့ကသာ စီမံခန့်ခွဲလို၏။ ပြည်သူ့ကိုယ်စားလှယ်တို့၏ စီမံခန့်ခွဲမှုဖြင့် နိုင်ငံ၏ ဆုတ်ယုတ် လျော့ပါးနေသော စီးပွားရေးပြန်လည်ထူထောင်ရေး၊ ပြည်ထောင်စု ညီညွတ်ရေးတို့ တည်ဆောက်ကာ ငြိမ်းချမ်းရေးရယူလိုကြ၏။ ၈၈၈၈ ပြည်သူ့ ဒီမိုကရေစီရေးအရေးတော်ပုံကြီး၏ အနှစ် သာရက ဒါပဲဖြစ်၏။
ယနေ့အချိန်ထိတိုင် နှစ်ဆယ့်ကိုးနှစ်ကြာ ဖြတ်သန်းခဲ့သော ဒီမိုကရေစီခရီးကြမ်း၏ အဓိကရည်ရွယ်ချက်မှာ အထက်ဖော်ပြပါ အနှစ်သာရတို့ကို ပြည်သူတို့ရယူ ခံစားရန်ဖြစ်ပါ၏။ အဆိုပါ ရည်မှန်းချက်များ ရရှိနိုင်ရေးအတွက်များစွာသော ပြည်သူတို့၏ အနစ်နာခံမှုများ၊ ဒုက္ခဝေဒနာများဖြင့် နှစ်ပေါင်းများစွာ စတေးရင်းနှီးခဲ့ကြပါသည်။

နှစ်ဆယ့်ကိုးနှစ်ကြာ ရည်ရွယ်ရုန်းကန်ခဲ့ကြရသော ပြည်သူတို့ မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊ ပြည်ထောင်စု တိုင်းရင်းသားတို့ ညီညွတ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူ ညီမျှသည့် ငြိမ်းချမ်းသော ဖက်ဒရယ်နိုင်ငံတော်ဟူသော ပန်းတိုင်က မြင်နေရပြီ ဖြစ်သော်လည်း မရောက်သေးသည့် အခြေအနေမှာပဲ
ရှိနေသေးသည်။ ပြည်သူတို့၏ ညီညွတ်မှု ပြင်းပြသော ဆန္ဒ၊ အတူတကွ ကြိုးပမ်းမှုတို့ဖြင့် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီရေး အရေးတော်ပုံကြီး၏မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်ပါစေသတည်း။ ။

MOI

No comments:

Post a Comment