နှစ်ပေါင်း ၂၅၀ ခန့် သက်တမ်းရှိ ရှေးဟောင်း ရုပ်ပွား ဆင်းတုတော်
ခိုးယူခံရ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ယုန်တိုးကျေးရွာအုပ်စု ယုန်တိုးကျေးရွာရှိ ရွာဦးကျောင်း မြသိန်းတန်ဘုန်းတော်ကြီးကျောင်းက ရှေးဆရာတော်များ အဆက်ဆက်က တည်ထားကိုးကွယ်ထားတဲ့ ဇမ္ဗုပတိ ရုပ်ပွားဆင်းတုတော်တစ်ဆူ သြဂုတ် ၂၆ ရက် မနက် အစောပိုင်းက ခိုးယူခံခဲ့ရတယ်လို့ ကျောင်းထိုင် ဆရာတော် ဦးနန္ဒမေဓာ မိန့်ကြားပါတယ်။
ဆရာတော် ဦးနန္ဒမေဓာ ပြောတာက “ခု ဆရာတော်က အသက် ၈၀ ကျော်နေပါပြီ၊ ဆရာတော် ငယ်ငယ်လေးထဲက ဒီဘုရားကရှိနေတာပါ။ ရှေးအဆက်ဆက်က ကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်တာမို့. ခုချိန်အထိ သေချာ စောင့်ရှောက်နေတဲ့အထဲကနေ ခုလို ခိုးယူခံခဲ့ရတာပါ။ ဘုရားကြီးက အင်းဝခေတ်ထဲက ဘုရားဖြစ်ပြီး ဆရာတော်တွေ အဆက်ဆက်ကနေ ကိုးကွယ် လာကြတာဆိုတော့ ခုဆိုရင် နှစ်ပေါင်း ၂၅၀ လောက်တော့ အနည်းဆုံးရှိနေတာပေါ့။ ရှေးဘုရား အစစ်ဖြစ်တာမို့ သေချာဂရုစိုက်တဲ့အထဲကနေ ခုလို ပျောက်သွားတာပါ” လို့ မိန့်ကြား ပါတယ်။
ယုန်တိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးက “ကျနော်တို့ကတော့ ဘုရားပျောက်သွားပြီဆိုတာနဲ့ ရဲစခန်းကို အမှုသွားဖွင့်လိုက်တယ်။ မြင်းခြံကမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း ရွာကိုလာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားပါတယ်” လို့ ပြောဆိုပါတယ်။
ခိုးယူခံခဲ့ရတဲ့ ဇမ္ဗုပတိ(မာရ်) ရုပ်ပွားတော်ဟာ ဉာဏ်တော် ၇ ပေ ရှိပြီး သရိုးစစ်စီးနဲ့ ပြုလုပ်ထားတဲ့ ဆင်းတုတော်ဖြစ်ပြီး ရွှေနဲ့ ပတ္တာမြားအစစ်တွေ ပါဝင်တယ်လို့ သိရပြီး မြသိန်းတန်ဘုန်းကြီးကျောင်းတွင် ယခင်ကလည်း ရှေးခေါင်းလောင်း ၁ ခု၊ ကြည်းဘုရား ၂ ဆူ နဲ့ ရှေးလက်ရာ ထိုးစည် ၁ ခု ပျောက်ဆုံးမှုတွေရှိခဲ့ပြီး ပြန်လည်တွေ့ရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီအမှုနဲ့ ပတ်သတ်ပြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ ရဲစခန်းက ရာဇာတ်သတ်ကြီးပုဒ်မ ၃၈၀/၂၉၅ နဲ့ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment