Latest News

Monday, August 28, 2017

မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုသည် မကြုံစဖူးခြိမ်းခြောက်မှုဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား

မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုသည် မကြုံစဖူးခြိမ်းခြောက်မှုဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ၄င်းတို့၏ပိုင်နက်အတွင်းသို့ ဖြတ်ကျော်ပြီး ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုသည် အလွန်စိုးရိမ်ရသော မကြုံစဖူးခြိမ်းခြောက်မှုဖြစ်သည်ဟု အင်္ဂါနေ့တွင် ဝေဖန်ပြော ကြားခဲ့ပြီး အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုခဲ့ သည်။

ပြုံယမ်းအစိုးရသည် လက်နက်အစွမ်းမြှင့်တင်ရေး ရည်မှန်းချက်အတိုင်း ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေသော ကြောင့် တင်းမာမှုများမြင့်တက်လာချိန်တွင်   နျူကလီးယားလက်နက် ပိုင်ဆိုင်သော   မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုဖိအားပေးရန်အတွက်လည်း ရှင်ဇိုအာဘေးက တောင်းဆိုခဲ့သည်။

“ကျနော်တို့ရဲ့ နိုင်ငံပေါ်ကဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ သူတို့ရဲ့တရားလွန်တဲ့လုပ်ရပ်ဟာ အလွန်စိုးရိမ် ရတဲ့ မကြုံစဖူးခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပျက်စီးသွားစေ ပါတယ်” ဟု သူက တိုကျို၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒါ့အပြင် “ကျနော်တို့ဟာ မြောက်ကိုရီး ယားကို ဆန့်ကျင်ဆန္ဒပြပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ရန်တောင်းဆိုခဲ့သော ရှင်ဇိုအာဘေးက ဂျပန်တို့သည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်လက်တွဲပြီး မြောက်ကိုရီးယားတို့အပေါ် ဖိအားပေးမှုများ ပြင်းပြင်း ထန်ထန်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က မြောက်ကိုရီးယားတို့ဘက်မှ အင်္ဂါနေ့မနက်ပိုင်းတွင် ပစ်လွှတ်ခဲ့ သော ဒုံးပျံသည် ဂျပန်ပိုက်နက်ပေါ်မှ ကျော်ဖြတ်ကာ ပစိဖိတ်ပင်လယ်အတွင်းသို့ ကျဆင်းသွားခဲ့ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ ထိုဒုံးပျံသည် ၁၄ မိနစ်ခန့်ပျံသန်းကာ ဂျပန်ကမ်းရိုးတန်းမှ ၇၃၃မိုင်ခန့် ကွာဝေးသော ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ထိုလုပ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် ဂျပန်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ထားသည့်အတိုင်း PAC-3 အမျိုးအစား ဒုံးခွင်းဒုံးများကို အသင့်အနေအထားဖြင့်ပစ်လွှတ်ရန် ပြင်ဆင်လျက်ရှိသည်။

Mizzima

No comments:

Post a Comment