Latest News

Tuesday, August 29, 2017

ဂျပန်ပိုင်နက်ကိုကျော်၍ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို ဂျပန်အစိုးရ ရှုတ်ချ

ဂျပန်ပိုင်နက်ကိုကျော်၍ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို
ဂျပန်အစိုးရ ရှုတ်ချ

ဂျပန်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ကာ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခ့သည့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို ဂျပန် အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်လိုက်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဆိုပါ လုပ်ရပ်သည် မိမိ၏ နိုင်ငံအပေါ် သက်ရောက်မှု ကြီးမားစွာ ခြိမ်းခြောက်လိုက်ခြင်းဟု ပြောကြားခဲ့သည်။ ယင်းဒုံးကျည်သည် ကိုရီးယား စံတော်ချိန်အရ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဟော်ကိုင်းဒိုးကျွန်းကို ကျော်ဖြတ်ကာ ပင်လယ်ထဲ ကျဆင်းသွားခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အရေးပေါ် အစည်းအဝေးတစ်ရပ် တုံ့ပြန် ခေါ်ယူဖွယ် ရှိနေသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း ဂျပန်ပိုင်နက်ကို ဖြတ်ကျော်ကာ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်ပြခြင်းမှာမူ ယခုတစ်ကြိမ် ပထမဆုံး ဖြစ်လာသည်။

ယခင်က မြောက်ကိုရီးယား ဒုံးပျံများသည် ၁၉၉၈ နှင့် ၂၀၀၉ ခုနှစ်များ အတွင်းက ဂျပန်ပိုင်နက်ကို ဖြတ်ပျံဖူးသော်လည်း လက်နက် အနေဖြင့် မဟုတ်ဘဲ ဂြိုဟ်တု လွှတ်တင်ရန် အတွက်သာ ဖြစ်သည်။ ယခု ပစ်ခတ်ပြသော ဒုံးကျည်မှာမူ နျူကလီးယား ထိပ်ဖူးတစ်ခု တပ်ဆင်နိုင်လောက်အောင် ခိုင်မာ အားကောင်းစွာ တည်ဆောက်ထားကြောင်း လက်နက်ရေးရာ သုတေသီများက သုံးသပ်ကြသည်။

တောင်ကိုရီးယား စစ်ဘက်က အဆိုပါ ဒုံးကျည်သည် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းအနီးမှ စတင်ပျံတက်လာပြီး အရှေ့ဘက်သို့ ဦးတည်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကနဦးအဆင့် ဆန်းစစ်မှုများအရ ဒုံးကျည်၏ ခရီးပေါက်မှုသည် ကီလိုမီတာ ၂၇၀၀ ဝန်းကျင်မျှ ရှိခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် အာဘေးက “မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အဆင်အခြင် ကင်းမဲ့လွန်းပြီး ဂျပန်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် စိန်ခေါ် ခြိမ်းခြောက်လိုက်မှုလည်း ဖြစ်တယ်။ ပြီးတော့ ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုကိုလည်း ထိပါး လှုပ်ခတ်စေပါတယ်”ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဘက်က ၎င်းတို့၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ လတ်တလောတွင် တိတိကျကျ မှတ်ချက်ပေးမှု မရှိသေးချေ။ အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးအဆင့် ရောက်ရှိနေချိန်၌ မြောက်ကိုရီးယားသည် ၎င်းတို့၏ ဆဋ္ဌမမြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

Ref: BBC

7Day News

No comments:

Post a Comment