Latest News

Thursday, August 3, 2017

သက်တမ်းနှစ် ၁ဝဝ ကျော်သည့်တိုင် စွမ်းဆောင်ရည်မြင့်မားလျက် ရှိသော ဆူးလေဆိပ်ကမ်း

သက်တမ်းနှစ် ၁ဝဝ ကျော်သည့်တိုင် စွမ်းဆောင်ရည်မြင့်မားလျက် ရှိသော ဆူးလေဆိပ်ကမ်း

မောင်ကြင်နာ

မှတ်တမ်းများအရ အမှတ်(၁) ဆူးလေဆိပ်ကမ်းကို ၁၉၁၃ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့သည့်အတွက် ယခုဆိုလျှင် နှစ် ၁ဝဝ ပြည့်၍ လေးနှစ်ခန့်ပင် စွန်းပြီဖြစ်ပါသည်။

ဆူးလေဆိပ်ကမ်းကို အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) စသည်ဖြင့် တံတားခုနစ်စင်း ဖြင့် ဖွဲ့စည်းထားရာ ဆူးလေ (၁)မှ (၄)အထိမှာ ဖော်ပြပါ ၁၉၁၃ ခုနှစ်မှ ၁၉၃၄ ခုနှစ်ကာလ အတွင်း တည်ဆောက်ခဲ့သည်ဟု သိရပါ သည်။ ဆူးလေ (၅)၊ (၆)၊ (၇)မှာ ယနေ့အခြေအနေ သို့ ရောက်ရှိလာစေရန် လွန်ခဲ့သော ၁၉၆၆-၆၇ ခုနှစ်က ဆောက်လုပ်ခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် ဆူးလေဆိပ်ကမ်းမှာ တံတား(၁)မှ တံတားခုနစ်စင်းထိ စုစုပေါင်း ဆိပ်ခံအလျား ၁ဝ၄ဝ မီတာရှိသည့်အတွက် သင်္ဘောခုနစ်စင်း တစ်ပြိုင် တည်း ဆိုက်ကပ်ပြီး ကုန်တင်/ကုန်ချ လုပ်ငန်းများ  ဆောင်ရွက်နိုင် ပါသည်။ တံတားနှင့်အတူ ပြည်ပ ပို့ကုန်/ သွင်းကုန်များထားသိုနိုင်ရန် သိုလှောင်ရုံ ခုနစ်လုံးကိုလည်း တံတားခုနစ်စင်းနှင့်ယှဉ်လျက် တည်ဆောက်ထားသဖြင့် သိုလှောင်ရုံခုနစ်လုံးမှ စုစုပေါင်း ကုန်တန်ချိန် ၉၆၁၁ဝ မက်ထရစ်တန် သိုလှောင်နိုင်ပါသည်။

ဆူးလေဆိပ်ကမ်းမှာ အထွေထွေကုန်ပစ္စည်း(General Cargo) တင်/ချသော ဆိပ်ကမ်းဖြစ်ပြီး လွန်ခဲ့သော (၁၈) နှစ်အတွင်း တစ်နှစ်လျှင် သွင်းကုန်မက်ထရစ်တန် ၁ ဒသမ ၃ သန်းနှင့် ပို့ကုန်မက်ထရစ်တန် ဝ ဒသမ ၆ သန်း စုစုပေါင်း သွင်းကုန်/ပို့ကုန်မက်ထရစ်တန် ၁ ဒသမ ၉ သန်း (ပျမ်းမျှ) ကိုင်တွယ်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်ပြည့်သာ ကိုင်တွယ်နိုင်မည် ဆိုပါက ၂ ဒသမ ၅ သန်းခန့်ထိ ကိုင်တွယ်နိုင်မည်ဖြစ်ပါသည်။

ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာများ တင်/ချသော ခေတ်မီ ဆိပ်ကမ်းကြီးများရှိသော်လည်း အထွေထွေကုန်ပစ္စည်း တင်/ချသည့် ဆိပ်ကမ်းအနေဖြင့်မူ ဆူးလေဆိပ်ကမ်းမှာ အဓိကနေရာမှ ပါဝင်နေဆဲ ဖြစ်ပါသည်။

အထူးသဖြင့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ကောက်ပဲ သီးနှံများကို ဆူးလေဆိပ်ကမ်းမှသာ အဓိကတင်ပို့ကြောင်း တွေ့ရပြီး ယခင်က ဘိလပ်မြေနှင့် သစ်လုံးများကိုလည်း ဆူးလေဆိပ်ကမ်းက အဓိက တင်/ပို့ခဲ့ကြောင်း တွေ့ရပါသည်။ ထို့အပြင် တည်ဆောက်ရေး ပစ္စည်းများဖြစ် သည့် Steel နှင့် Steel Products ပစ္စည်းများမှာလည်း ဆူးလေဆိပ်ကမ်းက ပင် အဓိကကိုင်တွယ်ပေးကြောင်း သိရပါသည်။

 မြန်မာနိုင်ငံ ၏အဓိကပို့ကုန်ဖြစ်သောဆန်ကို ဆူးလေဆိပ်ကမ်းက တင်ပို့ ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်မှာပင် စုစုပေါင်း ဆန်မက်ထရစ် တန်ချိန် ၄၉၈ဝ၁ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တွေ့ရပါသည်။

မှတ်တမ်းသစ်နှင့် ဆူးလေဆိပ်ကမ်း

အထက်တွင် တင်ပြထားသကဲ့သို့ ဆူးလေဆိပ်ကမ်းမှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီးဖြစ်သော်လည်း ဆိပ်ကမ်းသို့ ဝင်/ထွက်သည့် ရေယာဉ်များအတွက်မူ ရေယာဉ်၏ အလျား L.O.A ကို သမိုင်းတစ်လျှောက်လုံး ၁၆၇ မီတာသာ သတ်မှတ်ခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် လိုအပ်သော ရေလမ်းကြောင်းများသောင် တူးဖော်ပေးခြင်း၊ ရေကြောင်း လမ်း ပုံမှန်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် ခဲ့ရာ ၆-၄-၂ဝ၁၇ ရက်တွင် ရေယာဉ်အလျား L.O.A ၁၉ဝ မီတာရှိသောMV. TOP FAIR အမည်ရှိ သင်္ဘောကြီးမှာ ဆူးလေဆိပ်ကမ်း အမှတ်(၅ )သို့ အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ခဲ့သဖြင့် ဆိပ်ကမ်းသမိုင်း စာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့ပါသည်။ ဖော်ပြ ပါMV. TOP FAIR အမည်ရှိ သင်္ဘောမှာ အလျားL.O.A ၁၉ဝ မီတာ၊ ရေစူး ၈ ဒသမ ၆ မီတာရှိပြီး ကုန်တန်ချိန် ၅ဝဝဝဝ တင်နိုင်ပါသည်။ ဖော်ပြပါသင်္ဘောဖြင့် ဆန်တန်ချိန် ၂၂ဝဝဝ ကို တင်ဆောင်ပြီး ၂၇-၄-၂ဝ၁၇ ရက်တွင် ကောင်းမွန် စွာ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

အလားတူ ရေယာဉ်အလျားL.O.A ၁၉၁ မီတာရှိပြီး ရေစူး ၆ ဒသမ ၇၅ မီတာရှိသည့် MV.MARILIA အမည်ရှိ သင်္ဘော၊ ရေယာဉ်အလျား L.O.A ၁၉ဝ မီတာရှိပြီး ရေစူး ၇ ဒသမ ၃ မီတာရှိသညMV.TETON အမည်ရှိ သင်္ဘော တို့မှာလည်း ဆူးလေဆိပ်ကမ်းသို့ အ္တရာယ်ကင်းစွာ ဝင်ရောက် ဆိုက်ကပ်ပြီး ကုန်တင်/ ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း သိရသည့်အတွက် ဆိပ်ကမ်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာကြောင်း တွေ့ရပါသည်။

အရေးပါသော ဆိပ်ကမ်း

ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ
အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ''ဆန်တင်ဖို့ ရောက်ရှိ လာတဲ့သင်္ဘောတွေဟာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ဖို့ သီလဝါမှာ သင်္ဘောနေရာတွေ ကျပ်နေတဲ့အတွက် လနဲ့ချီ စောင့်ဆိုင်းနေရပြီး အလှည့်ကျ တစ်စီးနှစ်စီးသာ နေရာပေးနိုင် မှုကြောင့် ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။

''L.O.A ၁၆၇ မီတာအထက် သင်္ဘောတွေ ဆူးလေ ဆိပ်ကမ်းကို မသွင်းနိုင်ရင် အခုလို ဆန်အဝယ်လိုက်တဲ့ ကာလ တွေမှာ သင်္ဘောတင်ပို့မှု နှောင့်နှေးမှာဖြစ်လို့ L.O.A ၁၆၇ မီတာအထက် သင်္ဘောတွေ ဆူးလေဆိပ်ကမ်းကိုသွင်းပြီး ဆန်တင်တဲ့အတွက် ဆူးလေဆိပ်ကမ်းဟာ ဆန်တင်ပို့မှု၊ ပြည်ပ ပို့ကုန်/သွင်းကုန်အတွက် အရေးပါတဲ့ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

''လက်ရှိ ပြည်ပဆန်တင်ပို့မှုရဲ့ ၇ဝ ရာခိုင်နှုန်းဟာAfrica Market တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ အဲဒီဈေးကွက်ရဲ့Shipment တွေကို General Cargoes သင်္ဘောနဲ့ ဦးစား ပေးတင်ပို့ပါတယ်။Container Shipment ကို အနည်း ငယ်သာအသုံးပြုပါတယ်။ ဒါ့အပြင် ဆူးလေဆိပ်ကမ်းဟာ မြို့တွင်းမှာ တည်ရှိတဲ့အတွက် ကုန်းလမ်း၊ ရေလမ်းကို အချိန်တိုအတွင်း အသုံးပြုနိုင်တဲ့အတွက် Cargo Loading Discharging မြန်ဆန်တဲ့ အားသာချက်ရှိတာကြောင့် Rice Buyer တွေက အခြားဆိပ်ကမ်းတွေထက်ပိုပြီး ဆူးလေဆိပ်ကမ်းကို အသုံးပြုလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကာလတိုအတွင်း  ကုန်တင်ကုန်ချ လုပ်နိုင်တဲ့ အတွက် Ship Charter Feesမှာ Competitive Rate ကို Ship-per Owner တွေဆီကရရှိပါတယ်''ဟု ပြောကြားခဲ့ပါသည်။

ဆူးလေဆိပ်ကမ်းသို့ ၁၆၇ မီတာအထက် Steel & Steel Product သင်္ဘောတစ်စီးနှင့် ဆန်တင်သင်္ဘောကိုးစင်း စုစုပေါင်းသင်္ဘောကြီး ၁ဝ စင်း ဆိုက်ကပ်ပြီးဖြစ်ပါသည်။ အထူး သဖြင့် ဆူးလေဆိပ်ကမ်းမှာ ရန်ကုန်မြို့နှင့် အနီးဆုံးအချက် အချာကျသောနေရာတွင် တည်ရှိသည့်အတွက် မြို့တော်သူ မြို့တော်သားများသာမက မြန်မာနိုင်ငံသားများအတွက်ပါ အရေးပါသော နိုင်ငံတကာပင်လယ်ကူးဆိပ်ကမ်းကြီးဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။

MOI

No comments:

Post a Comment