Latest News

Thursday, August 3, 2017

အာဖဂန်က အမျိုးသမီး နာမည် တပ်ခေါ်ရေး လှုပ်ရှားမှု



အာဖဂန်နစ္စတန် နိုင်ငံရဲ့ လူမှုအသိုင်းအဝန်းမှာ အမျိုးသမီးတွေရဲ့ နာမည်ဆိုရင် အများရှေ့မှာ ထုတ်ပြောလေ့ မရှိကြပါဘူး။

အမျိုးသမီးတွေကို ဆိုရင် ဒါက ဘယ်သူ့ အမေ၊ ဒါက ဘယ်သူ့ သမီး၊ ဒါကတော့ ဘယ်သူ့ နှမပါဆိုပြီး အမျိုးသား တယောက်ယောက်နဲ့ ဆက်နွယ် ညွှန်းဆိုလေ့ရှိပါတယ်။ အမျိုးသမီး တယောက်ရဲ့ နာမည်အရင်းကို ညွှန်းဆိုရင် လူအများရဲ့ အံအားတသင့် တုံ့ပြန်တာမျိုး ခံရတတ်သလို တခါတလေ စော်ကားမိသလိုတောင် ဖြစ်တတ်ပါတယ်။

သွမ်ဆင်ရိုက်တာ သတင်းတပုဒ်အရ ဆိုရင် အာဖဂန်မှာ ဥပဒေ အရ မိခင်ရဲ့ နာမည်ကို
မွေးစာရင်းမှာ ဖော်ပြလေ့မရှိဘူးလို့ ဆိုပါတယ်။

အခုတော့ အာဖဂန် အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ အွန်လိုင်း လူမှုကွန်ရက်တွေမှာ “ကျွန်မနာမည် ဘယ်မှာလဲ (#WhereIsMyName)” ဆိုတဲ့ လှုံ့ဆော်မှုတခုကို ပြုလုပ်နေကြတာ အတော် အောင်မြင်မှု ရနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ #WhereIsMyName စာသား ကို ရေးတင်နေကြတာ ထောင်ကျော် ရှိနေပါပြီ။

ရှေးအစဉ်အဆက် အမွေခံလာတဲ့ အကျိုးအကြောင်း မဆီလျော်တဲ့ ဓလေ့ထုံးစံတွေကို ပယ်ဖျက်နိုင်ဖို့ ဒီလှုပ်ရှားမှုကို ထောက်ခံကြသူတွေက လိုလားနေကြတာပါ။

အမျိုးသမီးနာမည်ကို ထုတ်မပြောကြတာဟာ ဘာသာရေး နဲ့လည်း မဆက်နွှဲဘူးလို့ သူတို့က ဆိုကြပါတယ်။ အစ္စလာမ်ဘာသာမှာ ပေါ်ထွန်းခဲ့တဲ့ တမန်တော်တွေရဲ့ ဇနီးနာမည်တွေကို အခုအချိန်အထိ လူတွေ သိနေကြတယ်လို့လည်း သူတို့က ထောက်ပြပါတယ်။

ဒီလှုပ်ရှားမှုမှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အပြင် အာဖဂန်က နာမည်ကြီး အဆိုတော် ဖာဟဒ် ဒါရီယာ (Farhad Darya) လို အမျိုးသားတွေလည်း ပါဝင်ကြပါတယ်။

ဖာဟဒ်က #WhereIsMyName စာသားနဲ့ အတူ သူ့ဇနီးနဲ့ တွဲလျက် ဓာတ်ပုံတခုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တင်ပြီး ဂီတပွဲတွေမှာ သူ့ဇနီးနာမည်ကို ထုတ်ပြောတိုင်း ပရိသတ်တွေရဲ့ အဝေဖန်ခံရတဲ့ အကြောင်း ရေးထားပါတယ်။

အခု အွန်လိုင်း လှုပ်ရှားမှုကနေ အမြစ်တွဲနေတဲ့ ရိုးရာ အစဉ်အလာ တခု ပြောင်းလဲ သွားနိုင်မလားဆိုတာတော့ စောင့်ကြည့် ရဦးမယ့် အနေအထား ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment