Latest News

Thursday, August 3, 2017

ဒီမိုကရေစီ ပညာရေးစနစ် စနစ်တကျ တည်ထောင်ရန် လိုအပ်ဟု ဦးဖြိုးမင်းသိန်း ဆို

ဒီမိုကရေစီ ပညာရေးစနစ် စနစ်တကျ တည်ထောင်ရန် လိုအပ်ဟု
ဦးဖြိုးမင်းသိန်း ဆို

ရန်ကုန် သြဂုတ် ၂
ဖြိုးပပအောင်

မြန်မာနိုင်ငံတွင် အသွင် ကူးပြောင်းရေးကို အကောင် အထည် ဖော်ရာ၌ ဒီမိုကရေစီ ပညာရေး စနစ်တစ်ခုကို စနစ်တကျ တည်ထောင်နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂ ရက်၌ ပြောဆိုသည်။

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ၊ ကျောင်းသူများ၊ အထက၊ အထက (ခွဲ) ကျောင်းများနှင့် မြို့နယ်များအား အခြေခံပညာ ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံး၏ ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂ ရက်၌ ရန်ကုန်မြို့ အထက (၄) အလုံသီရိ ရတနာ ခန်းမတွင် ကျင်းပခဲ့ရာ အဖွင့် မိန့်ခွန်း၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ရဲ့ လူငယ် မျိုးဆက်တွေဟာ ကျွန်တော်တို့ရဲ့ ပညာရေးစနစ် အဆင့်ဆင့်သော ပညာရေး ပြုပြင် ပြောင်းလဲမှု ပုံသဏ္ဌာန် အမျိုးမျိုးကြောင့် ခေတ်စနစ်နဲ့ လိုက်လျော ညီထွေစွာပဲ ရုန်းကန် ကြိုးစားခဲ့ကြရပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဟာ အစမ်းသပ်ခံ ပညာရေး စနစ်လိုမျိုး ဖြစ်ပြီး ကလေးတွေဟာ ပုံသဏ္ဌာန် အမျိုးမျိုး နောက်မှာ ရုန်းကန်ခဲ့ကြတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အခု မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှုနဲ့ အတူတူ ဒီမိုကရေစီ စနစ်ကို တည်ဆောက် နေရတဲ့ အချိန်မှာ ဒီမိုကရေစီ ပညာရေး စနစ်တစ်ခုကို စနစ်တကျ ထူထောင်နိုင်ဖို့  လိုအပ်ပါတယ်။ ပညာဆိုတာ ဘဝကို ပဲ့ကိုင် ထိန်းကျောင်းနိုင်ဖို့ အတွက် တကယ့်ကို အသိတရား တစ်ခု ပေးနိုင်တဲ့ ဥာဏ်ပညာ အမြော်အမြင် တစ်ခုပဲ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ယခင်က မြန်မာနိုင်ငံသည် လူ့ဘဝနှင့် နိုင်ငံတစ်ခုကို ပညာရေးဖြင့် ထူထောင်ခဲ့မှုမျိုး မဟုတ်ဘဲ သဘာဝ သယံဇာတ၊ အခြားသော အရင်းအမြစ်များဖြင့် နိုင်ငံကို တည်ထောင်ခဲ့ကြပြီး လူသား အရင်းအမြစ် အခန်းကဏ္ဍ မှေးမှိန်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် လူငယ် မျိုးဆက်များ ပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ကာ နိုင်ငံတော်ကြီးကို ဦးဆောင်နိုင်ဖို့ အတွက် ပညာရေးကဏ္ဍ နယ်ပယ်သည် ပြုစု ပျိုးထောင်ပေးမှု တစ်ခုဖြစ်ကြောင်း  ၄င်းက ဆက်၍ ပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အနက် သိပ္ပံ ဘာသာတွဲတွင် အမှတ် အများဆုံး ရရှိသူ ၁ဝ ဦး၊ ဝိပ္ပံ ဘာသာတွဲ တွင် အမှတ် အများဆုံး ရရှိသူ ခြောက်ဦး၊ ဝိဇ္ဇာ ဘာသာတွဲတွင် အမှတ် အများဆုံး ရရှိသူ သုံးဦး နှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောင်ချက် အကောင်းဆုံး အခြေခံပညာ အထက်တန်း ကျောင်းများ၊ အထက်တန်း ကျောင်း (ခွဲ) များနှင့် မြို့နယ်များအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

မြန်မာတိုင်း(မ်)
Photo-  ဦးဖြိုးမင်းသိန်း Page

No comments:

Post a Comment