Latest News

Monday, August 28, 2017

မန္တလေးမြို့မတူရိယာအသင်းတွင် အရှုပ်အရှင်းပြဿနာဖြစ်

မန္တလေးမြို့မတူရိယာအသင်းတွင် အရှုပ်အရှင်းပြဿနာဖြစ်

နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိပြီး မန္တလေးမြို့ ဂုဏ်ဆောင် နိုင်ငံကျော် မြို့မတူရိယာအသင်းတွင် ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်နေသောကြောင့် ယင်းအသင်းကိုတည်ထောင်သူ မြို့မငြိမ်းသား ဦးရွှန်းမြိုင်ကို ရာထူးမှ ရပ်စဲလိုက်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

“မြို့မတူရိယာအသင်း ပညာရေး ဥက္ကဋ္ဌနှင့် ဂီတမှူး တာဝန်ယူထားတဲ့ ဦးရွှန်းမြိုင်ကို တာဝန်ကနေ ရပ်စဲလိုက်တာ မှန်ပါတယ်”ဟု ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ အဆိုပါအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း (လှဂုဏ်ရည်)က အတည်ပြု ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့ကစ၍ တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်ပြီး ဦးရွှန်းမြိုင်ထံသို့လည်း အသိပေး အကြောင်းကြားစာ ပေးပို့ထားသည်ဟု ၎င်းကဆိုသည်။

မြို့မတူရိယာအသင်း ထုတ်ပြန်ချက်တွင် သင်တန်းကို အကြောင်းပြု၍ ငွေကြေး ကောက်ခံသုံးစွဲခြင်း၊ အမှုဆောင်အဖွဲ့က သင်တန်းသုံးမျိုးအနက် တစ်မျိုးသာ ဖွင့်လှစ်ခွင့်ပြုထားသော်လည်း လက်မခံဘဲ ဆက်လက် ပြုလုပ်နေခြင်း၊ မြို့မအသင်းကြီး၏ အသင်းသားများ အနေနှင့် မြို့မငြိမ်း၏ တေးသီချင်းများကို သီဆိုတီးမှုတ်မည်ဆိုပါက တစ်ပုဒ်လျှင် ငွေကျပ် ၅၀ဝ၀ ပေးရမည်ဟု တောင်းဆိုခြင်း၊ ရန်ကုန်မြို့၌ စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည့် “မြို့မနှင့် ဆူးငှက်” ခေါင်းစဉ်ပါပွဲတွင် နန်းတော်ရှေ့ ဆရာတင်နှင့် မြို့မငြိမ်း သီချင်း (၁၄) ပုဒ်ကို တီးမှုတ် သီဆိုမည်ဆိုပါက တစ်ပုဒ်လျှင် ငွေကျပ် ၅၀,ဝ၀ဝ ပေးရမည်ဟု လက်မှတ်ရေးထိုးကာ စာတင်တောင်းဆိုခဲ့ခြင်းတို့ကြောင့် အသင်း၏ နာယကကြီးများ၊ အသင်းသူ၊ အသင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် ဦးရွှန်းမြိုင်ကို ၎င်းထမ်းဆောင်နေသော တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီထုတ်ပြန်လိုက်တဲ့အချက်ရဲ့ နောက်ကွယ်မှာလည်း အကြောင်းအရာ အများကြီး ရှိပါတယ်။ EC အလုပ်ကို လွန်ဆန်ပြီးတော့ မြို့မငြိမ်းသားဆိုတဲ့ ပါဝါတစ်ခုနဲ့ ဝင်ရောက် စွက်ဖက်တဲ့အတွက်၊ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ရတဲ့ ငွေရေးကြေးရေးကိစ္စ၊ ဖြစ်တဲ့အတွက် ထုတ်ရတာပါ။ တစ်ချက်တည်းလည်း မဟုတ်ပါဘူး။ ခုမှလားဆိုတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ နှစ် ၃၀ လောက်ကတည်းက ဒီအတိုင်း ဖြတ်သန်းလာခဲ့ကြတာပါ”ဟု ဦးကျော်ဝင်းက ရှင်းပြသည်။

မြို့မအသင်း အနေနှင့် နှစ်ပေါင်း ၉၀ ကျော်ကာလအတွင်း မြို့ခံအားလုံးကို ကိုယ်စားပြုသည့် အသင်းဝင်၊ အသင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်း မဟုတ်ဘဲ တူရိယာတီးမှုတ်သည့် အသင်းသားများဖြင့်သာ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်မှသာ မန္တလေးမြို့မကို ချစ်မြတ်နိုးသည့် ပြင်ပမှ ပညာရှင်များ ပါဝင်လာခြင်းဖြစ်ပြီး အသင်းဝင်များကိုလည်း စနစ်တကျ ရွေးချယ်ခဲ့ကြောင်း၊ လက်ရှိတွင် နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး အပါအဝင် အသင်းသား (၅၀) နီးပါးခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဂီတမှူးက ဦးရဲထွေး၊ ဦးရွှန်းမြိုင်၊ ဦးပေါရယ်ဆိုပြီး ရှိပါတယ်။ ကိုသော်ဇင် (အကယ်ဒမီ) လည်း ရှိပါတယ်။ သူမရှိတော့ရင်လည်း တခြားသူတွေ ဝိုင်းကူကြမှာပါ”ဟု ဦးကျော်ဝင်းက ထပ်မံ ပြောဆိုသည်။

မြို့မတူရိယာ အသင်းအနေနှင့် နွေရာသီ ကျောင်းပိတ်ကာလတွင်သာ သင်တန်းများ ဖွင့်၍ သင်ကြားပေးခဲ့ကြောင်း၊ ယခင်က အခကြေးငွေ တောင်းခံခြင်းမရှိဘဲ ပညာဒါနဖြင့် သင်ကြားပေးခဲ့ရာမှ ပညာရပ်အပေါ် တန်ဖိုးထားသင်ယူမှု လျော့နည်းလာသည့်အတွက် ယခုနှစ်မှသာ ငွေကြေး ကောက်ခံခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တစ်သတ်မှတ်တည်း ဖွင့်လှစ်ထားခြင်း မရှိသော်လည်း လာရောက်စုံစမ်းသည့် ဝါသနာရှင်များနှင့် အချိန် ညှိနှိုင်းကာ ဂီတသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ယင်းအသင်းရုံးအဖွဲ့မှူး ဦးစိန်ဝင်းက ဆိုသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြို့မငြိမ်း၏သား ဦးရွှန်းမြိုင်ထံ ဆက်သွယ်မေးမြန်းရန် စုံစမ်းရာ ရန်ကုန်မြို့သို့ ရောက်နေသည်ဟု သိရသောကြောင့် ဦးရွှန်းမြိုင်၏သားဖြစ်သူ ဦးပါရမီရွှန်းထံသို့ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့က ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်၍မရခဲ့ပေ။

ဆရာကြီးမြို့မငြိမ်း၊ ပန်းချီဆရာကြီး ဦးဘသစ်၊ ဓားတန်းဦးသန်း၊ တောင်မြို့ဦးကိုလေး၊ ဦးယဉ်လေး အစရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦးဖြင့် မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘာသာရေး၊ သာသနာရေးပွဲများတွင် ဖျော်ဖြေခဲ့ရမှ မြို့မတူရိယအဖွဲ့ဟု လူသိ များခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းရုံး အဖွဲ့မှူး ဦးစိန်ဝင်းက ပြောဆိုသည်။

ဝင်းရွှေရည်ဦး

The Voice

No comments:

Post a Comment