Latest News

Sunday, August 27, 2017

သမိုင်းထဲက မော်လမြိုင်

သမိုင်းထဲက မော်လမြိုင်

မော်လမြိုင်မြို့မှ စေတီတော်တဆူဆီသို့ သွားသည့် လှေခါးထစ်များကိုတက်ရင်း ကဗျာတပုဒ် ရေးသား ရန် ဗြိတိသျှ စာရေးဆရာ ရုဒ်ယာ့ကစ်ပလင် Rudyard Kipling စိတ်ကူး ရခဲ့သည်။ ထိုကဗျာက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော နာမည်ကျော်ကဗျာ များထဲမှ တပုဒ် ဖြစ်လာခဲ့သည်။

“Mandalay( မန္တလေး)” အမည်ရှိကဗျာ၏ ပထမပိုဒ်ကို “မော်လမြိုင်မြို့က ရှေးဟောင်း စေတီဘေးမှာ၊ ပင်လယ်ပြင်ကို ပျင်းရိစွာ ကြည့်ရင်း၊ အဲဒီမှာ ဗမာမိန်းကလေး တယောက်ရှိတယ်။ သူက ငါ့အကြောင်းစဉ်းစားနေတာ ငါသိတယ်” စသည့် စာကြောင်းများဖြင့် စတင်ခဲ့ပြီး လေတိုက်ခတ်မှုကြောင့် လှုပ်ရှားနေသော အုန်းပင်များနှင့် စေတီမှ ဆည်းလည်းသံများက အင်္ဂလန်၏ မီးခိုးရောင် ကောင်းကင်ကို နောက်မှာချန်ထားခဲ့ရသည့် လူငယ်ကဗျာဆရာ၏ လွမ်းဆွတ်တသမှုကို လှုံ့ဆော် ပေးခဲ့သည့် အကြောင်းများဖြစ်သည်။

ရုဒ်ယာ့ကစ်ပလင် ခံစားခဲ့ရပြီး နောက်ထပ်နှစ်ပေါင်း ၁၂၈ နှစ်ကြာမြင့်ခဲ့သည့် ယခုချိန်အထိ ကျိုက်သလ္လန် ဘုရားက ဘုရား ဖူးများနှင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်သည်။

စိမ်းလန်းစိုပြည်သည့် မြို့ကို အပေါ်စီးမှမြင်ရသည့် တောင်ရိုးတခုပေါ်တွင် ရွှေရောင်တောက်ပစွာ တည်ရှိနေသော စေတီ က ရုဒ်ယာ့ကစ်ပလင် မှတ်တမ်းတင်ခဲ့သည့် ဗြိတိသျှ ကိုလိုနီခေတ်က အတိုင်းပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ရုဒ်ယာ့ကစ်ပလင် သတိပြုမိခဲ့သည့် ဗမာမိန်းကလေးများကလည်း ရှိနေကြဆဲ ဖြစ်သည်။ အချို့က အာရှဒေသ အများစု တွင် မတွေ့မြင်ရသည်မှာကြာပြီ ဖြစ်သော ရိုးရာလုံချည်များ ဝတ်ဆင်ထားကြသည်။ အချို့က ဗုဒ္ဓဘာသာဝင်တို့ ထုံးစံ အတိုင်း စေတီတော်ကို လှည့်ပတ်ဖူးမျှော်ရင်း စမတ်ဖုန်းများဖြင့် စကားပြော နေကြသည်။

ခေတ်သစ်နည်းပညာတို့၏ သိမ်းပိုက်မှုကို နေရသည့်တိုင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့တော်ဖြစ်သည့် မော် လမြိုင်မြို့က ကမ္ဘာပေါ်တွင် အဓိက လူပြောများနေသည့် အဖြစ်အပျက် အကြောင်းအရာများနှင့် အလှမ်းကွာသည့် ဝန်း ကျင်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ပထဝီ အနေအထားကြောင့်လည်း တစိတ်တပိုင်း ဖြစ်ပါသည်။ မော်လမြိုင် မြို့သို့ မြန်မာနိုင်ငံသို့ နိုင်ငံတကာ၏ အဓိက ဝင်ပေါက်ဖြစ်သော ရန်ကုန်မြို့မှ ဆက်သွယ်ထားသည့် ကားလမ်းက ၁၈၆ မိုင်ရှိပါ သည်။ အခြားရွေးချယ်စရာ အနေဖြင့်လည်း ခုန်ပေါက်နေသော ရထားလမ်း နှင့် ပုံမှန်ပြေးဆွဲခြင်း မရှိသော လေယာဉ် ခရီးစဉ် သာရှိသည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိုဒေသို့ နိုင်ငံခြားသားများ သွားရောက်ခြင်းကို ဆယ်စုနှစ်များစွာ တားမြစ်ထားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး ပြီးဆုံးခဲ့ပြီး ပြီးခဲ့သည့် နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနိုင်ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင်ပင် မြန်မာနိုင်ငံ၏ အခြားဒေသများထက်စာလျှင် မော်လမြိုင်သို့ လာရောက် သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်က နည်းပါးနေဆဲ ဖြစ်သည်။

မကြာသေးခင်က မော်လမြိုင်သို့ ရှုခင်းကြည့်ရန် အကောင်းဆုံး လမ်းကြောင်းဖြင့် ကျနော်တို့ အဖွဲ့ သွားခဲ့ကြပါသည်။ ရန်ကုန်မှ နေ၍ သာယာလှပသော ကရင်ပြည်နယ်၏ မြို့တော် ဘားအံသို့ ကားဖြင့် သွားကြသည်။ ထိုမှတဆင့် ကမ္ဘာပေါ်မှ အရှည်ဆုံးမြစ် များထဲတွင် တခု အပါအဝင် ဖြစ်ပြီး လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များထဲတွင်လည်း ပါဝင်နေသည့် သံလွင်မြစ်ကြောင်း အတိုင်း လှေငှား၍ စုန်ဆင်းခဲ့ကြပါသည်။ ပင်လယ်အတွင်းသို့ စီးဝင်မသွားမီ အချိန်တွင် သံလွင်မြစ်က မော်လမြိုင်မြို့၏ သာယာလှပမှုကို ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားသည်။ ကျယ်ပြန့်သော ရေပြင်ကို ဖြတ်ကျော်၍ နေဝင်ချိန် မြင်ကွင်းကို မိသားစုများ လာရောက်ကြည့်ရှုရာ နေရာဖြစ်သည့် ကမ်းနားလမ်းဘေးမှ ဖြတ်သန်း စီးဆင်း သွားသည်။

မော်လမြိုင်က လူသိနည်းသော နေရာတခု ဘယ်တုန်းကမျှ မဟုတ်ခဲ့ပါ။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးတွင် ဗြိတိသျှတို့က သူတို့၏ မြို့တော် အဖြစ် ၁၈၂၆ ခုနှစ်မှ ၁၈၅၂ ခုနှစ် အထိ ရုံးထိုင်ခဲ့ပြီး အစိုးရရုံး အဆောက်အဦးများ၊ ဘုရားရှိခိုး ကျောင်းများနှင့် ကြီးမားသော အကျဉ်းထောင်တခုကို တည်ဆောက်ခဲ့သည်။ ဗြိတိသျှတို့၏ စီးပွားရေး လုပ်ငန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်။

ဗြိတိသျှ အုပ်စိုးသူတို့၏ အမွေအနှစ်များနှင့် အတူ အစ္စလမ် ဗလီများ၊ ဟိန္ဒူဘုရားကျောင်းများ နှင့် အမေရိကန် လက်ရာ အချို့ပင် ကျန်ရှိနေခြင်းက မော်လမြိုင်၏ ကြီးမားသော စုံလင်ကွဲပြားမှုကို ဖော်ပြနေခြင်း ဖြစ်သည်။

နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်သည့် အစောဆုံး အမေရိကန် သာသနာပြု များထဲမှ တဦးဖြစ်သည့် အဒိုနီရမ် ဂျက်ဆင် Adoniram Judson က မော်လမြိုင်မြို့၏ ပထမဆုံးသော နှစ်ခြင်း ဘုရားကျောင်းကို ၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သူက အင်္ဂလိပ်-မြန်မာ အဘိဓါန် တခုကို ပြုစုခဲ့ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ နီးပါး နေထိုင်ခဲ့စဉ် အတွင်း သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပေးခဲ့သည်။

အနီးတွင် ရှိသော St. Mathew အင်္ဂလီကန် ဘုရားကျောင်းမှာ ၁၈၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ တိုင် အသုံးပြုနေဆဲ ဖြစ်သည်။ သို့သော်လည်း မော်လမြိုင်မြို့မှ အခြားရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ ကဲ့ သို့ပင် ယိုယွင်းပျက်စီးသည့် အခြေအနေတွင် ရှိနေသည်။ အင်္ဂတေ ကွာကျနေသည့် အုတ်နံရံများပေါ်တွင် သစ်ပင်များ ပေါက်နေပြီး မျှော်စင်ထက်မှ နာရီကလည်း ညနေ ၆ နာရီ ၅၄ မိနစ်ကို အမြဲတမ်းပြသနေသည်။

မော်လမြိုင်မြို့တွင် ဗုဒ္ဓဘာသာ စေတီ ပုထိုးများ များသည့်အတွက် အကုန်လျှောက်သွားလျှင် ခြေကုန်လက်ပမ်းကျ သွားနိုင်ပါသည်။  ဗုဒ္ဓ၏ ဆံတော်ကို ဌာပနာထားသည်ဟု သိရပြီး ရုဒ်ယာ့ကစ်ပလင် ကလည်း စာဆို ညွှန်းခဲ့သည့် ကျိုက်သလ္လန် ဘုရားအပြင် သွားရောက်သင့်သည့် နေရာတခု ဖြစ်သော်လည်း အသွား နည်းကြသည့် နေရာမှာ ရတနာဘုံမြင့် ဘုန်းတော်ကြီး ကျောင်းဖြစ်သည်။ ကျောင်းတိုက်အတွင်းတွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပု လက်ရာများထဲမှ အချို့ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ဒုတိယနောက်ဆုံး ဘုရင်ဖြစ်သည့် မင်း တုန်းမင်း၏ မိဖုရား တဦး ဖြစ်သော စိန်တုန်း မိဖုရား၏ စီစဉ် ကြီးကြပ်မှုဖြင့် ထုလုပ်ခဲ့သော လက်ရာများဟု သိရပါသည်။

မန္တလေးမြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက်တွင် မော်လမြိုင်သို့ စိန်တုန်း မိဖုရားရောက်ရှိလာချိန်တွင် သူနှင့် အတူ မန္တလေးမြို့တော်မှ လက်မှုပညာသည်များကိုပါ ခေါ်ယူလာခဲ့သည်။ မန္တလေး နန်းတော်ကြီး နှင့် အနုပညာလက်ရာ အများစု မှာ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ပျက်စီးခဲ့ရသည့် အတွက် သူတို့ ဖန်တီးခဲ့သော မော်လမြိုင်မှ လက်ရာများက အထူးပင် တန်ဖိုး ရှိနေပြီ ဖြစ်သည်။

မော်လမြိုင်မှ ဗုဒ္ဓဘာသာ စေတီ ပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်မှာ အမှန် ဖြစ်သလို မော်လမြိုင်ရှိ ပျက်စီး လုနီးဖြစ်နေသော ကိုလိုနီ ခေတ်လက်ရာ အမွေအနှစ်များကလည်း ထူးခြားသည့် အတွက် ထိန်းသိမ်း သင့်သည်ဟု မော် လမြိုင်တွင် ကာလရှည်ကြာစွာ နေထိုင်ခဲ့သူ တဦးဖြစ်သော ဒေါက်တာ တင်စိုးကပြောသည်။ သို့သော်လည်း ပေါ်ပေါက် လာခါစ ပြည်နယ် အစိုးရမှာ ကျွမ်းကျင်မှု အားနည်းနေပြီး ယခုတိုင် အာဏာပြင်းနေဆဲ ဖြစ်သည့် စစ်တပ်က အများပြည် သူပိုင် မြေများကို ကိုယ်ကျိုး အတွက်ရောင်းချခဲ့သလို ပြည်သူများကလည်း အဆောက်အဦးဟောင်းများကို တန်ဖိုး ရှိသည် ဟု မမြင်ကြဟု သူကဆိုသည်။

“အစိုးရမှာ အချိန်မရှိဘူး။ ဘတ်ဂျက်မရှိဘူး။ အကြံကောင်းပေးမယ့် သူလည်း မရှိဘူး” ဟု ဒေါက်တာ တင်စိုး က ပြောသည်။

သို့သော်လည်း ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့ရှိ ကိုလိုနီ ခေတ် ဗိသုကာ လက်ရာ အဆောက်အဦးဟောင်းများကို ဖြိုဖျက်ခံရမည့် အန္တရယ်နှင့် ပျက်စီးပျောက်ကွယ်တော့မည့် အန္တရာယ်များမှ ကယ်ဆယ်ရန် ကြိုးစားမှုများ အောင်မြင်နေခြင်းကြောင့် မော်လမြိုင်မြို့အတွက်လည်း မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိနေပါသေးသည်။

ဧရာဝတီ

No comments:

Post a Comment