Latest News

Monday, August 28, 2017

ပုဂံတွင် ငလျင်ဒဏ်ခံဘုရားများအနက် ပထမဦးစားပေး ပြင်ဆင်မည့် ဘုရားများအား ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရန် လျာထား

ပုဂံတွင် ငလျင်ဒဏ်ခံဘုရားများအနက် ပထမဦးစားပေး ပြင်ဆင်မည့် ဘုရားများအား ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရန် လျာထား

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားများအနက် ပထမဦးစားပေး ပြင်ဆင်မည့် ဘုရားများအား ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လျာထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ငလျင်ဒဏ်သင့်ဘုရားများအား ပြုပြင်ထိန်းသိမ်းရာတွင် ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူ၊ တတိယဦးစားပေး ၃၀၀ ဆူဟူ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ပထမဦးစားပေး ၃၆ ဆူအနက်မှ အဆူ ၂၀ အား ၂၀၁၇ ခုနှစ်အတွင်း၌လည်းကောင်း၊ ၁၀ ဆူအား ၂၀၁၈ ခုနှစ်အတွင်း၌လည်းကောင်း၊ ကျန်ခြောက်ဆူအား ၂၀၁၉ ခုနှစ် အတွင်း၌လည်းကောင်း ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

“ငလျင်လှုပ်ပြီးတဲ့ ကာလကတည်းက assessments တွေ ကောက်နိုင်ခဲ့တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ အကူအညီ ပရဟိတအသင်းများရဲ့ အကူအညီတွေကြောင့်လည်း အချိန်မီ emergency respond ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပြီး UNSECO International လုပ်ထုံးလုပ်နည်းအရဆိုရင် assessments တွေ ကောက်နိုင်တယ်။ မှတ်တမ်းဓာတ်ပုံတွေ ရယူနိုင်ခဲ့ပါတယ်။ ပြီးတော အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ ပရဟိတအဖွဲ့တွေ ဆရာတော်တွေ ဌာနဆိုင်တွေ ၀ိုင်းဝန်းခဲ့တဲ့အတွက်ပါ။ ဒါ့အပြင် ပျက်စီးမှုအဆင့်ကိုလည်း ပထမဦးစားပေးဆောင်ရွက်ရမယ့် ဘုရား ၃၆ ဆူ၊ ဒုတိယဦးစားပေး ဆောင်ရွက်ရမယ့် ဘုရား ၅၃ ဆူ၊ တတိယဦးစားပေးပြင်ရမယ့် ဘုရားအဆူ ၃၀၀။ အဲဒီ အဆူ ၃၀၀ ထဲကမှ ၂၂၄ ဆူက သေးသေးမွှားမွှားလေးတွေ။ သေးသေးမွှားမွှားတွေ စပြင်တော့ ဧပြီလအတွင်း ပြီးသွားတယ်။ ပြင်တော့လည်း ရမ်းမပြင်ပါဘူး။ ပန်းရန်တွေကအစ သင်တန်းပေးပြီး ပြင်ပါတယ်။ ကျန်တဲ့ ၁၆၅ ဆူကိုတော့ လေးနှစ်စီမံချက်နဲ့ လျာထားဆောင်ရွက်နေတာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်း ပြင်ဆင်နေသည့် ပထမဦးစားပေး စေတီပုထိုးများအနက် ကျောက်ဂူဥမင်၊ သိကြားပုန်း၊ ဂူပြောက်ငယ်၊ ဗူးလည်သီး၊ နရသီဟပတေ့၊ ဆင်ဖြူရှင်၊ စူဠာမဏိ၊ အင်းဘုရား စသည်များလည်း ပါဝင်ကြောင်း သိရသည်။ ဒုတိယဦးစားပေး ၁၄ ဆူနှင့် တတိယဦးစားပေး ၂၆ ဆူအား ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ် ပြင်ဆင်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ အရေးပေါ်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရန် လိုအပ်သည့်ဘုရားများကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အချိန်ယူ ပြင်ဆင်ရနိုင်သည့် ဘုရားများကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း၊ အနည်းအကျဉ်းသာ ထိခိုက်ခဲ့သောဘုရားများကို တတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment