Latest News

Monday, August 28, 2017

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဂျပန်နိုင်ငံက ဒုံးခွင်းဒုံးအသုံးပြု စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဂျပန်နိုင်ငံက ဒုံးခွင်းဒုံးအသုံးပြု စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်ပြီးနောက် နာရီပိုင်းအကြာမှာ ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ဒုံးခွင်းဒုံးစနစ် PAC-3 ကို အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းကို ဒီနေ့မနက်ပိုင်းက တိုကျိုမြို့ရှိ ယိုကိုတာ အမေရိကန် စစ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ပတ်ထရီယော့ အဆင့်မြင့် ဒုံးခွင်းဒုံး အမှတ် – ၃ ဒါမှမဟုတ် PAC-3 လို့ အမည်ရတဲ့စနစ်ကို အသုံးပြုခဲ့ပါတယ်။

အဲဒီနောက် သတင်းစာရှင်းလင်းပွဲမှာ ဂျပန်လေကြောင်းကာကွယ်ရေးတပ်က ဒု-ဗိုလ်ချုပ်ကြီး ဟီရိုအာကီ မဲဟာရာ တက်ရောက်ခဲ့တာကလွဲပြီး စစ်ရေးလေ့ကျင့်မှုမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။

ဒု-ဗိုလ်ချုပ်ကြီး ဟီရိုအာကီ မဲဟာရာက “ကျနော်တို့ စစ်ရေးလေ့ကျင့်မှု မပြုလုပ်ခင် မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်လိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ကျနော်တို့တပ်ဖွဲ့ဟာ ဒုံးခွင်းဒုံးစနစ်ကို ထိထိရောက်ရောက် အသုံးပြုနိုင်တာကို ပြသနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုနဲ့ သွားတိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီနေ့မနက် အစောပိုင်းက ဂျပန်နိုင်ငံမြောက်ပိုင်းပေါ် ဖြတ်သန်းပြီး ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။

DVB

No comments:

Post a Comment