မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော် သုံးမည်
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့် မြှင့်တင်ခြင်း စီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်မှုများပြားခြင်းကြောင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေနှင့်နိုင်ငံတော် ဘတ်ဂျက်အပါအဝင် အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်းသုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
“ချေးငွေပမာဏ မများအောင် နိုင်ငံတော် ဘတ်ဂျက်နဲ့ပါ နိုင်တဲ့အပိုင်းက လုပ်ဆောင်တာ ဖြစ်တယ်။ လုပ်ငန်းစဉ်အနေနဲ့ ကဏ္ဍနှစ်ခုခွဲပြီး လုပ်တယ်”ဟု မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ဆိုသည်။
JICA ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃ သန်းဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ DEMU ရထား ၆၆ တွဲ ဝယ်ယူခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းဖြင့် ရထားခုန်ခြင်း လျှော့ချရန် သံလမ်းများဆက်ခြင်း၊ သံဘောင်ပြုပြင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ပလက်ဖောင်းမြှင့်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အချက်ပြ ဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်မှာ လုပ်ဆောင်ရမယ့်အချက်တွေက အများကြီး ရှိတယ်။ နည်းပညာပိုင်းတွေ ပါတယ်။ လက်ရှိ ဆောင်ရွက်ထားပြီးအပိုင်းတွေလည်း ရှိနေပြီ။ ပလက်ဖောင်း ငါးခု ပြင်ဆင်ထားပြီးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ ရထားများ ဆုံခြင်း၊ ဆက်သွယ်ရေး အချက်ပြစနစ်များကို စမ်းသပ် အသုံးပြုခြင်း၊ မြို့ပြဆိုင်ရာ လမ်းလွှဲ၊ လမ်းကူးများ စမ်းသပ် အသုံးပြုခြင်း၊ မင်္ဂလာဒုံ ဘူတာတွင် မီးရောင်စုံ အချက်ပြစနစ်မှ အလံပြအချက်ပြစနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းအပေါ် စမ်းသပ် လေ့ကျင့်ခြင်းများ လုပ်ဆောင်ထားပြီး ကွန်ကရစ်ဇလီ ဖားတုံး ၃၆၀ တုံးနှင့် လမ်းခင်းကျောက်များ ဝယ်ယူထားပြီးဖြစ်ကြောင်း မြန်မာ့မီးရထား၊ စီမံကိန်းဒါရိုက်တာ ဦးထွန်းအောင်သင်းက ပြောကြားသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ရန် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၂၀ ကျော်ရှိပြီး နှစ်ခုကို အပြီးရွေးချယ်မည်ဖြစ်ကာ အောက်တိုဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ရထား၏ အရှေ့ခြမ်းတွင် မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ မြောက်ဥက္ကလာ၊ ပုဇွန်တောင် အနောက်ခြမ်းတွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ တညင်းကုန်း စသည်တို့ ခွဲထားပြီး အရှေ့ခြမ်းကို ယခုနှစ်အတွင်း ဆောင်ရွက်ကာ အနောက်ခြမ်းကို ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာ့မီးရထားနှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်သည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုး ရေးမဟာဗျူဟာ စီမံကိန်းအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment