Latest News
Saturday, August 12, 2017
အထက်တန်းပညာပြီးဆုံးသည်အထိပညာသင်ကြားနိုင်ရေး ပညာပေးစည်းရုံးမှုတိုးမြှင့်ဆောင်ရွက်မည်
photo  Myo  Min  Paing မော်လမြိုင်မြို့ အမှတ်(၁)အထက်တန်းကျောင်းကကျောင်းသေားကျောင်းသူများကို သြဂုတ်လ(၁၀)ရက်နေ့ ကျောင်းဆင်းချိန်တွင်တွေ့ ရစဉ်။။။။
မျိုးမင်းပိုင် ၊မြတ်မွန်ထွေး
မော်လမြိုင် သြဂုတ်လ(၁၀)ရက် ၊၂၀၁၇ ခုနှစ်
မွန်ပြည်နယ်တွင် မူလတန်းပညာသင်ကြားပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်သို့ တက်ရောက်၍ ဆက်လက်ပညာသင်ကြားနိုင်မှုမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေသည့်အတွက် အထက်တန်းပညာပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ပညာပေးစည်းရုံးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူး  ဦးမျိုးတင်အောင်က ပြောသည်။
“ဘာပဲပြောပြော ပညာရမှ ဘယ်အလုပ်မဆို အဆင်ပြေနိုင်မယ် အောင်မြင်နိုင်မယ် ဒါကြောင့်ရွှေ့ပြောင်း
အလုပ်သမားတွေရဲ့ သားသမီးတွေရဲ့ မိဘတွေရော အားလုံးကို ဆရာတို့ ကတော့ ပညာပေးအစီအစဉ်တွေကို လူထုလှုပ်ရှားမှုတစ်ရပ်ပုံစံနဲ့  စည်းရုံးလှုံ့ဆော်မှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ် “ဟု ၄င်းကပြောသည်။
 ပြည်နယ် ပညာရေးမှုးရုံး၏ မှတ်တမ်းများအရ ၂၀၁၃ -၁၄ ပညာသင်နှစ်တွင် မူလတန်းပညာသင်ကြားပြီး အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်သူမှာ ၈၂ရာခိုင်နှန်းရှိပြီး ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူလတန်းပညာပြီးဆုံး၍ အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်သူမှာ ၆၇ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။
ထို့ပြင် အလယ်တန်းမှ အထက်တန်းပညာသို့ ဆက်လက်သင်ယူနိုင်သူမှာ ၂၀၁၃-၁၄ ပညာသင်နှစ်တွင် ၆၅ရာခိုင်နှန်းရှိပြီး ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ၅၁ရာခိုင်နှန်းသို့ ကျဆင်းသွားသည်။
အဆိုပါမှတ်တမ်းများအရ အလယ်တန်းနှင့်အထက်တန်းပညာကို ဆက်လက်သင်ယူနိုင်ခြင်းမရှိပဲ ကျောင်းထွက်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာသည်ကို တွေ့ရသည်။
ကျောင်းနေရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာပြီးမြောက်သည်အထိ ဆက်လက်သင်ယူနိုင်စေရန် စည်းရုံးဆောင်ရွက်မည့် လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်က ဘွဲ့ ရပြီးသောသူ  များကို အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးသင့်ကြောင့်လည်း ဦးမျိုးတင်အောင်ကပြောသည်။
တစ်ချို့သောလုပ်ငန်းခွင်ရောက်နေသော ကလေးများသည် ကျောင်းနှင့် ဝေးကွာသွားပြီး မိမိတို့ ပတ်ဝန်းကျင်အနေအထားအရ ကျောင်းထွက်သွားသူများလည်းရှိသည်။
“ငယ်ငယ်တုန်းကထင်တာကကျောင်းတက်ရင် ပိုက်ဆံမရဘူး။ ကျောင်းထွက်ပြီးအလုပ်လုပ်ရင် ပိုက်ဆံရမယ်။  သုံးရမယ်ဆိုပြီး တွေးမိတာပေါ့။ အဲဒါနဲ့ ကျောင်းထွက်ပြီးရော်ဘာခြစ်တယ်။ ခုတော့ကျောင်းပြန်တက်
ချင်တယ်။ဘာလို့ လည်းဆိုတော့ ပညာမတတ်တော့ အလုပ်လုပ်ရတာပင်ပန်းတယ်။ “ဟု မူလတန်းသင်ယူပြီးနောက် ကျောင်းထွက်ကာ မော်လမြိုင်မြို့ က  လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်အလုပ်လုပ်နေသာ အသက်(၁၄)နှစ်အရွယ်ကျော့ရှင်းကပြောသည်။
၂၀၁၄ ခုနှစ်တွင်ကောက်ယူထားသောလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ  အသက်၁၁ နှစ်မှ ၁၄ နှစ်အတွင်းကလေးဦးရေ ၅၄ ရာခိုင်နှုန်းသာ အလယ်တန်းပညာကိုတက်ရောက်ခဲ့ သလို
အသက်(၁၅)နှစ်မှ (၁၇)နှစ်အတွင်း ကလေးဦးရေ၏၂၄ ရာခိုင်နှုန်းသာအထက်တန်းပညာကို သင်ယူနိုင်ခဲ့သည်။
ကျောင်းနေရွယ်ကလေးများအားလုံးကိုကျောင်းရောက်အောင်ခေါ်မပေးနိုင်သ၍ ပြည်နယ်အတွင်းက
လူ့အရင်းမြစ်များသည်  အလုပ်သမားလူတန်းစားတစ်ရပ်အနေဖြင့်သာရှိနေမည် ဟု မော်လမြိုင်မြို့ က
ပညာရေးပရဟိတအဖွဲ့ အစည်းတစ်ခုမှကိုဘိုဘိုမြင့်ကပြောသည်။
ကျောင်းထွက်နှုန်းကျဆင်းပြီးအထက်တန်းပညာပြီးဆုံးသည်အထိ စာသင်ခန်းအတွင်းရှိနေစေဖို့ သည်
ကျောင်းသားမိဘ ဆရာသုံးဦးသုံးဖလှယ်ပူးပေါင်းဆောင်ရွက်ပြီးအထူးသဖြင့် မိဘများနားလည်
သဘောပေါက်အာင် စည်းရုံးလှုံ့ဆော်မှုကို အလေးထားဆောင်ရွက်သင့်သည်ဟု မော်လမြိုင်မြို့ပေါ်က
အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝေကပြောသည်။
“အဓိကကတော့မိဘတွေကို ပါလာအောင်ပညာပေးစည်းရုံးရမယ်။ နောက်မို့ ဆို သူတို့ က အတန်းကျတာ
နဲ့  ကျောင်းထုတ်ပြီးအလုပ်ခိုင်းတာလေ။ အဲတော့ မိဘကိုများများစည်းရုံးနိုင်မှ၊သူတို့ သဘောပေါက်မှ
အောင်မြင်မှာ “ ဟု ၄င်း ကပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေအရ အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ကျောင်းထွက်နှုန်းများနေပြီး အသားတင် ကျောင်းနေနှုန်း နည်းပါးနေကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဒေါက်တာ မျိုးသိမ်းကြီး က ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ကပြုလုပ်သော ကျောင်းပြင်ပနှင့် တစ်သက်တာ
ပညာရေးကဏ္ဍ ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင်ပြောကြားထားသည်။
No comments:
Post a Comment