Latest News

Sunday, August 27, 2017

မော်လမြိုင်ကျွန်း မြို့မရဲစခန်း အချုပ်ခန်းမှထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် တစ်ဦးပြန်လည်ဖမ်းဆီးရမိ

မော်လမြိုင်ကျွန်း မြို့မရဲစခန်း အချုပ်ခန်းမှထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် တစ်ဦးပြန်လည်ဖမ်းဆီးရမိ

 မော်ကျွန်း သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့မရဲစခန်း အချုပ်ခန်းမှ ထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် တစ်ဦးကို သြဂုတ် ၂၇ ရက်၊ နံနက်အစောပိုင်းအချိန်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါတရားခံကို မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းနယ်မြေရဲစခန်းအပိုင်၊ အလယ် ရေကျော်အုပ်စု၊ သဲဖြူရွာ၌ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ အတည်ပြုပြော ကြားသည်။

“လှိုင်းဘုန်းရဲစခန်းအပိုင်ကနေ  တစ်ယောက်ပြန်မိပါပြီ။ ကြည်စိုးဆိုတာ။ ခိုးမှုက တရားခံပေါ့။ မနက် ၄ နာရီခွဲလောက်ကမိတာပါ။ သူ့ကို စစ်ဆေးနေတယ်။ ပြီးရင်တော့ တရားခံထွက်ပြေးတဲ့ အတွက် ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့လည်း ဆက်ပြီး အရေးယူမှာပေါ့။ သူ့ရဲနဂိုအမှုအပြင် တရားခံ ထွက်ပြေးရင် အရေးယူတဲ့ပုဒ်မလည်းရှိပါတယ်။ အဲဒါနဲ့ဆက်ပြီး အရေးယူမှာပါ။ လက်ရှိကတော့ လှိုင်းဘုန်းနယ်မြေရဲစခန်း မှာပဲ။ ဒါပေမယ့် မော်လမြိုင်ကျွန်းကို ခေါ်မှာပါ။ မြစ်ကို ဖြတ်ရတော့ နည်းနည်းလေး ရာသီဥတု ကြည့်ပြီးတော့မှ မော်လမြိုင်ကျွန်းကိုပဲ ပြန်ခေါ်မှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ် က သြဂုတ် ၂၇  ရက်၊ နေ့လည်ပိုင်းတွင် ပြောကြားသည်။
မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦးထွက်ပြေးခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကိုလည်း အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

“ခရိုင်တပ်ဖွဲ့မှူးကအစ ခရိုင်တပ်ဖွဲ့မှူး၊ မြို့နယ်မှူး၊ စခန်းမှူး၊ တာဝန်မှူး အရာရှိက လေးယောက်၊ အခြားအဆင့်ကတော့ ကင်းမှူးတစ်ယောက်နဲ့ ကင်းသား ၆ ယောက်ပေါ့။ လောလော ဆယ် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထားပါတယ်။ အခြားအဆင့် ၇ ဦးဖြစ်တဲ့ ကင်းမှူး တစ်ယောက်နဲ့ ကင်းသား ၆ ယောက်ကိုတော့ ထိန်းသိမ်းထားပါတယ်”ဟု  ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

 လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သည့်စစ်ဆေးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ တာဝန်ရှိသူ များကို စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်တယ်။ ပြီးရင်သက်သေခံအကျဉ်းချုပ် ရေးမှတ်ပြီးတော့မှ ရဲတရားရုံး စစ်တာ ဒါလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်တာပါ။ အခု စစ်နေတယ်ခင်ဗျ။ ဒုတိုင်းတပ်ဖွဲ့မှူး ဦးဆောင်ပြီးတော့ စစ်နေပါတယ်”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ဆက်လက်ပြောကြားသည်။
အချုပ်သားများထွက်ပြေးမှုဖြစ်စဉ်မှာ သြဂုတ်လ ၂၅ ရက်၊ နံနက်အစောပိုင်း အချိန်က မော်လမြိုင်ကျွန်းမြို့မရဲစခန်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအဆောက်အဦးဟောင်း အပေါ်ထပ် အချုပ်ခန်းရှိ ရေသုံးသည့်နေရာမှ ဆွေးမြေ့နေသည့် ပျဉ်နေရာကို ရိုက်ချိုးပြီး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ်က သုံးသပ်ပြောကြားသည်။

ရဲစခန်းအဆောက်အဦးသစ်အချုပ်ခန်း၌ အချုပ်သားများ ထားရှိမှု မလုံလောက်သဖြင့် ရဲစခန်း အဆောက်အဦးဟောင်းအပေါ်ထပ်၌ အချုပ်သားများထားရှိထားခြင်းဖြစ်ပြီး အဆိုပါအချုပ်ခန်း၌ အချုပ်သား ၄၁ ဦးရှိသည့်အနက် အချုပ်သား ၁၀ ဦးထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် တစ်ဦးကို ရဲတပ်ဖွဲ့ ပြန်လည် ဖမ်းဆီးရမိထားပြီး ကျန်တရားခံများ ဆက်လက်ဖမ်းဆီးရမိရေးအတွက်လည်း ကုန်းလမ်းကြောင်း၊ ရေလမ်း ကြောင်းတို့မှ ပိတ်ဆို့ရှာဖွေမှုများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment