ရထားမတော်တဆမှုတွင် လက်ပြတ်ခဲ့သည့် ပြင်သစ်အမျိုးသမီး၏လက်များကို ပြန်ဆက်ပေးနိုင်ခဲ့
ရထားမတော်တဆမှုတွင် လက်များပြတ်ခဲ့သည့်အမျိုးသမီးတစ်ဦး၏ လက်များကို ပြင်သစ်တွင် ပြုလုပ်ခဲ့သည့် ကြုံခေါင့်ကြုံခဲနှင့် ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုတစ်ခုအတွင်း အောင်အောင်မြင်မြင် ပြန်ဆက်ပေးနိုင်ခဲ့ပြီဟု ဆရာဝန်များက သြဂုတ် ၂၅ ရက်တွင် ပြောကြား ခဲ့သည်။ အသက် ၃၀ အရွယ်ရှိ ယင်းအမျိုးသမီးသည် သြဂုတ်လလယ်တွင် ပြင်သစ်အဲပ်စ်တောင်တန်း၏ တောင်ခြေအနီးရှိ Chambery ဘူတာ၌ ရထားစင်္ကြံနှင့် ရထားအကြား ပြုတ်ကျခဲ့ပြီးနောက် တံတောင်ဆစ်အထက် လက်မောင်းနှစ်ဖက်စလုံး ဆုံးရှုံးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ရောက်ရှိလာသည့်ဆရာဝန်များသည် ယင်းအမျိုးသမီး၏လက်များကို ဆေးရုံသို့မလွှဲပြောင်းပေးမီ ပိုးသတ်ထားသော အစနှင့် ရေခဲတို့ဖြင့် ထုပ်ပိုးထိန်းသိမ်းပေးထားသည့်အတွက် ချီးမွမ်းခံခဲ့ရသည်။
အခင်းဖြစ်ပွားခဲ့ပြီးနောက် နှစ်နာရီအကြာတွင် Grenoble မြို့ အနီးရှိ ဆေးရုံတစ်ရုံတွင် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ဆေးအဖွဲ့က လက်များပြန်ဆက်သည့် ခွဲစိတ်ကုသမှုကို စတင်ခဲ့သည်။
“ကြွက်သားတွေက လုံးဝ ပြန်လည် ရှင်သန်နိုင်မှာမဟုတ်လို့ လှုပ်ရှားမှုအချို့ အထူးသဖြင့် လက်နဲ့အတူလုပ်ရတာတွေက လူနာအတွက် အခက်အခဲဖြစ်စေလိမ့်မယ်” ဟု CHU Grenoble Alpes ဆေးရုံမှ ခွဲစိတ်ဆရာဝန် Michael Bouyer က သြဂုတ် ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ယင်းသည် အတုတပ်ထားရသည်ထက် သာလွန်ကောင်းမွန်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
“လူနာက ကျန်းမာပါတယ်။ နလန်ထူလာတာနဲ့ တစ်ပြိုင်တည်း ပျက်စီးသွားတဲ့ လက်အစိတ်အပိုင်းတွေ နဂိုအတိုင်းလှုပ်ရှားဖို့ အကြောအဆစ် လှုပ်ရှားစေတဲ့ကုထုံးနဲ့ ၁၈ လကနေ နှစ်နှစ်အကြား ကုသဖို့ လိုအပ်လိမ့်မယ်” ဟု Bouyer က ပြောကြားခဲ့သည်။
ပထမဆုံး လက်မောင်းနှစ်ဖက် ပြန်ဆက်သည့် ခွဲစိတ်ကုသမှုကို ၂၀၀၈ ခုနှစ်တွင် ဂျာမနီ၌ ပြုလုပ်ခဲ့သည်။ ယင်းနောက်တွင် အလားတူ ခွဲစိတ်ကုသမှုမျိုးကို အိန္ဒိယနှင့်တရုတ်တွင်လည်း ပြုလုပ်ခဲ့သည်။
Ref: AFP
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment