Latest News

Monday, August 28, 2017

လက်ပံတောင်း ဒေါ်ခင်ဝင်းသေဆုံးမှု ပြန်စစ်ရန် စာချွန်လွှာ တင်သွင်းမှု ကနဦးလက်ခံ

လက်ပံတောင်း ဒေါ်ခင်ဝင်းသေဆုံးမှု ပြန်စစ်ရန် စာချွန်လွှာ
တင်သွင်းမှု ကနဦးလက်ခံ

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်လိုက်သည့်အတွက် ပြန်စစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းမှုကို ကနဦး လက်ခံကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

ယင်းစာချွန်လွှာကို ကနဦးအဆင့် လက်ခံပြီးနောက် အမှုပြန်လည်စစ်ဆေးရန်အတွက် တရားလွှတ်တော်ချုပ်က အမိန့်ချပြီးမှသာ ယင်းမာပင်ခရိုင် ရဲမှူးနှင့် ယင်းမာပင်ခရိုင် ဥပဒေအရာရှိတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

အဆိုပါတောင်သူ ဒေါ်ခင်ဝင်း သေဆုံးစဉ်က ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ခဲ့သည်ကို ဆားလင်းကြီးမြို့မ ရဲစခန်းက ကနဦးတွင် လက်မခံခဲ့သော်လည်း သေမှုသေခင်းနှင့် စစ်ဆေးပြီး သေနတ်ဒဏ်ရာကြောင့် သေဆုံးသည်ဟု ပေါ်ပေါက်မှသာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ လက်ခံပြီးနောက် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဆားလင်းကြီးရဲစခန်းက အမှုကို ပိတ်သိမ်းခဲ့သည့်အတွက် ကျေနပ်ခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီလိုပိတ်ခဲ့တာကို တရားလို ဒေါ်ခင်မာအေးတို့က မကျေနပ်တဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်တော်တင်ခဲ့ရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကနဦးအဆင့် လက်ခံလိုက်ကြောင်း ကျွန်တော်တို့ဆီ အကြောင်းပြန်ပါတယ်”ဟု ဦးအောင်သိန်းက ဆိုသည်။

မိုးကြိုးပြင် အလယ်ရွာနေ ဒေါ်ခင်ဝင်းသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲက ခြံစည်းရိုးခတ်သည်ကို သွားရောက်ကြည့်ရှုစဉ် ပဋိပက္ခဖြစ်ပွားရာတွင် လုံခြုံရေးရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင်သေနတ်မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

ယင်းသို့ အမှုပိတ်သိမ်းလိုက်ခြင်းကို မြို့မစခန်းမှူးက အသိပေးခြင်းမရှိဘဲ ရှေ့နေများကွန်ရက်က သွားရောက်စုံစမ်းရာမှ သိရှိရကြောင်း၊ ယင်းကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်စေလိုကြောင်း တရားလိုဖြစ်သူ မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်မာအေးက ပြောကြားသည်။

The Voice

No comments:

Post a Comment