မွန်ပြည်နယ်ထုတ် သောက်ရေသန့် ၃ မျိုးကို ဖြန့်ဖြူးရောင်းချခွင့်ယာယီရပ်နား
မွန်ပြည်နယ်မှာ ထုတ်လုပ်တဲ့ သောက်ရေသန့် ၃ မျိုးကို အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ယာယီရပ်နားထားလိုက်ပါတယ်။
မော်လမြိုင်မြို့က ချယ်ရီသောက်ရေသန့်စက်ရုံ၊ ဘီလူးကျွန်းချောင်းဆုံမြို့နယ်မှာ ထုတ်လုပ်မယ့် ဝင်းလတ် သောက်ရေသန့်နဲ့ ကျိုက်မရောမြို့မှာ ထုတ်လုပ်မယ့် မိုးမြင့်သာ သောက်ရေသန့် လုပ်ငန်း ၃ခုကို ရက်အကန့်သတ်မရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာကို ယာယီရပ်နားလိုက်တာပါ။
ပိတ်သိမ်းခံလိုက်ရတဲ့ ရေသန့်စက်ရုံ ၃ ခုအနက် ကျိုက်မရောက မိုးမြင့်သာ သောက်ရေသန့် လုပ်ငန်းနဲ့ ချောင်းဆုံက ဝင်းလတ်သောက်ရေသန့်လုပ်ငန်းကတော့ FDA ထောက်ခံချက်ရဖို့ လာရောက် စစ်ဆေးခံတာဖြစ်ပြီး စံချိန်၊စံညွှန်းမညီလို့ ရပ်နားခံလိုက်ရတာပါ။
မော်လမြိုင်က ချယ်ရီသောက်ရေသန့်စက်ရုံကတော့ လုပ်ငန်းသက်တမ်း ထပ်တိုးဖို့အတွက် ဓါတ်ခွဲစစ်ဆေးရာမှာ အရည်သွေးသတ်မှတ်ချက်မကိုက်ညီလို့ ရပ်နားခံရတာဖြစ်ပါတယ်။
ကျန်းမာရေး စံချိန်၊စံညွှန်းနဲ့အညီ ထုတ်လုပ်နိုင်ခြင်းမရှိလို့ ပြည်သူတွေအနေနဲ့ သောက်သုံး ရန်မသင့်လို့ အဲဒီ ရေသန့်လုပ်ငန်း ၃ ခုက ၂၀ လီတာ ဗူးအကြည် အမျိုးအစားရေသန့်ဘူးတွေကို ရပ်နားထားဖို့ သြဂုတ် ၁၁ ရက်က ညွှန်ကြားထားတာလို့ မွန်ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးစိုးနိုင်ကပြောပါတယ်။
အဆိုပါ စက်ရုံတွေမှ ရေသန့်တွေကို တစ်နှစ်ကျော်ကာလအတွင်း အကြိမ်ကြိမ်စစ်ဆေးပြီး လိုအပ်ချက်တွေကို ထပ်မံပြင်ဆင်ခွင့်ပေး စစ်ဆေးခဲ့တာပါ။
နောက်ဆုံး လေးကြိမ်မြောက်ရောက်တဲ့အချိန်အထိ သတ်မှတ်စံချိန်စံညွှန်း၊ ကျန်းမာရေးနဲ့အညီ ထုတ်လုပ်နိုင်ခြင်းမရှိတာကို ဓါတ်ခွဲစစ်ဆေးခဲ့ပြီးမှ လုပ်ငန်းတွေကို ရပ်နားထားဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
သောက်ရေသန့်စက်ရုံတွေဟာ ၂ နှစ် တကြိမ် ထုတ်လုပ်ခွင့်သက်တမ်းတိုးဖို့အတွက် အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ ကျန်းမာရေးနဲ့ညီမညီ စစ်ဆေးခံရပါတယ်။
ကုန်ကြမ်း၊စီမံလုပ်ကိုင်ပုံ ထုတ်လုပ်မှုအဆင့်ဆင့်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုက အစ ဓာတု၊ ဇီဝ ကျန်းမာရေးစံချိန်စံညွှန်းတွေကို သတ်မှတ်ချက်တွေနဲ့အညီ စစ်ဆေးခံရတာပါ။
မွန်ပြည်နယ်မှာ သောက်ရေသန့် လုပ်ငန်းလုပ်ကိုင်ဖို့လျှောက်ထားဆဲနဲ့ လုပ်ကိုင်နေဆဲ လုပ်ငန်းစက်ရုံ ၅၉ ခုရှိပါတယ်။လက်ရှိ ပြည်နယ် အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ယာယီရပ်နားလိုက်တဲ့ ရေသန့်စက်ရုံတွေက ရေသန့်တွေကို အရည်သွေး၊ စံချိန်၊ စံညွှန်း ထပ်မံ စစ်ဆေးလို့ စစ်ဆေးချက်အောင်မြင်ပါက ထုတ်လုပ်ခွင့် ပြန်လည်ရရှိမှာဖြစ်ပါတယ်။
လတ်တလောမှာတော့ ကန့်သတ်ထားတဲ့ ရေသန့်ဗူးတွေအမျိုးစားတချို့ကို ထုပ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်တွေကို ရပ်နားထားရမှာဖြစ်သလို၊ ဖောက်ဖျက်ကျူးလွန်ပါက လုပ်ငန်းရှင်တွေ အနေနဲ့ အမျိုးသားအစားသောက် ဥပဒေနဲ့တရားစွဲအရေးယူခံရမှာဖြစ်ပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment