Latest News

Saturday, August 12, 2017

၆၇ နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့အခမ်းအနား ဟင်္သာတမြို့၌ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်ဂါရ၀ပြု

၆၇ နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့အခမ်းအနား ဟင်္သာတမြို့၌ကျင်းပပြုလုပ်ခဲ့ပြီး
မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်ဂါရ၀ပြု

                                      ဟင်္သာတ သြဂုတ် ၁၂

၆၇ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို သြဂုတ် ၁၂ ရက်တွင် ဟင်္သာတမြို့၌ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်ဂါရ၀ပြုခဲ့ ကြသည်။

ကရင်ပြည်သူ့ပါတီ (KPP)ရုံး၌  ကျင်းပပြုလုပ်ခဲ့သည့်အဆိုပါအခမ်းအနား၌ ကရင့်အလံတော် နှင့် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခဲ့ကြပြီး မြို့နယ်အသီးသီးမှ တက်ရောက်လာသူများက လွမ်းသူ့ပန်းခွေချဂါရ၀ပြုခဲ့ကြကာ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးနှင့် ကရင်လူငယ်အစည်းအရုံးတို့မှ လည်း သ၀ဏ်လွှာများ အသီးသီးပေးပို့ခဲ့သည်။

“ဒီနေ့က ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ပေါ့နော်။ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ မှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့ အဖြစ်ကျင်းပတယ်။ အရင်ကာလတွေတုန်းကတော့ ကျွန်တော်တို့ ကရင့်တော်လှန်ရေးနယ်မြေမှာပဲ  ကျင်းပခဲ့တာပေါ့။ ဒီကနေ့ပွင့်လင်းလာတဲ့နိုင်ငံရေးအခြေအနေ၊ ပြောင်းလဲလာတဲ့ကရင့်နိုင်ငံရေးအခြေ အနေအရ ကျွန်တော်တို့ KNU ကလည်း မတရားသင်းက ရုတ်သိမ်းသွားပြီဆိုတော့ ကျွန်တော်တို့ ကရင်ပြည်သူတွေနဲ့ အခုလိုရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံပြီး ကရင်အမျိုးသားတွေရဲ့နေ့ထူးနေ့မြတ် တွေကို ပြည်တွင်းမှာပါကျင်းပတာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့အများကြီးကျေနပ် အားရမိပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောကြားသည်။

“ကရင့်အာဇာနည်နေ့ကို ကျင်းပတာဟာ ကရင်တစ်မျိုးသားလုံးရဲ့အမျိုးသားရေးစိတ်ဓါတ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့သွေးခင်းတဲ့လမ်းအတိုင်းကျွန်တော်တို့ဆက်လျှောက်ဖို့ သမိုင်းပေး တာဝန်က တစ်မျိုးသားလုံးမှာ တာဝန်ကြီးကြီးမားမားရှိပါတယ်။ ကရင်အမျိုးသားတွေရဲ့ အမျိုးသားရေး တောင်းဆိုချက်ဆိုတာကလည်း ပြီးပြည့်စုံမှုလုံးဝမရှိသေးပါဘူး။ အစပဲရှိပါသေးတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းမယ်ဆိုတဲ့ KNU ရဲ့ဆုံးဖြတ်ချက်အရ ဒီနေ့ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစရှိတဲ့နိုင်ငံတော်အာဏာပိုင်များနဲ့ကျွန်တော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖြေရှင်းတဲ့အဆင့်ရောက်လာပါပြီ။ ဒါကခြေလှမ်းအစပဲရှိပါသေးတယ်။ ကျွန်တော်တို့ရှေ့သွားရမယ့်ခရီးက အဝေးကြီးရှိပါသေးတယ်။ ခြေလှမ်းတစ်လှမ်းပဲ လှမ်းနိုင်သေးတယ် လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့တစ်မျိုးသားလုံးရဲ့အမျိုးသားရေးတောင်းဆိုချက်၊ အမျိုးသားရေး အခွင့်အရေးကိုရရှိဖို့ဆိုရင် တစ်မျိုးသားလုံးက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အာဇာနည်တွေ ရဲ့သွေးခင်းတဲ့လမ်းအတိုင်း မပြီးဆုံးသေးတဲ့အမျိုးသားရေးတာဝန်ကို တစ်မျိုးသားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ KNU ရဲ့ဦးဆောင်မှုအောက်မှာ အကုန်လုံး နိုင်ငံရေးအရ ဆက်လက်ပြီး တိုက်ပွဲဝင်  ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်”ဟု ပဒိုမန်းငြိမ်းမောင် က ဆက်လက်ပြောကြားသည်။

ဟင်္သာတမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကရင့်အမျိုးသားအာဇာနည်နေ့အခမ်းအနား၌ ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုလည်း ဂုဏ်ပြုခဲ့ပြီး အဆိုပါအခမ်းအနားအပြီး၌  ကရင်တိုင်းရင်းသားတို့၏ ၀ါခေါင်လကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment