Latest News

Sunday, August 27, 2017

မန္တလေး ဆန်ဈေးကွက် ရပ်ဆိုင်းလုနီးဖြစ်

မန္တလေး ဆန်ဈေးကွက် ရပ်ဆိုင်းလုနီးဖြစ်

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ဝင်ပေါက် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ်လ တတိယပတ်ကစ၍ ဆန်ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားသည်။

“တရုတ်ဘက်ကလည်း အဖမ်းအဆီး များနေတယ်၊ အဲ့ဒီဝင်ပေါက်ကိုလည်း ပိတ်လိုက်တယ်ဆိုတော့ ဒီဘက်က ဆန်ကားတွေ မသွားသလောက်ကို နည်းသွားပြီ။ မြို့တွင်း အရောင်းအဝယ်လောက်ပဲ ရှိတော့တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ နယ်စပ်ဝင်ပေါက် ပိတ်လိုက်ခြင်းနှင့် အဖမ်းအဆီးများ ရှိနေခြင်းကြောင့် တရုတ်ဝယ်လက်များအနေနှင့် ပြည်တွင်းဆန်များကို ဈေးချဝယ်ယူလျက်ရှိကြောင်း၊ ယင်းသို့ ဈေးချဝယ်ယူခြင်းကြောင့် ပြည်တွင်း ဈေးကွက်၌သာ အရောင်းအဝယ် ရှိတော့ကြောင်း ဦးကျော်ကျော်နိုင်က ရှင်းပြသည်။

မန္တလေးမြို့ခံ ဆန်ကုန်သည်များအနေနှင့် လက်ရှိတွင် အရှုံးနှင့် ရင်မဆိုင်ရသေးသော်လည်း ငွေကြေးလည်ပတ်ရာ၌ အခက်အခဲများနှင့် ကြုံနေရကြောင်း မန္တလေးမြို့ခံ ဆန်ကုန်သည်များက ပြောဆိုသည်။

“အခုရက်ပိုင်း လက်လီဆန်ဈေးကွက်မှာတော့ ဈေးတက်သွားတယ်။ အရင်လက ပေါ်ဆန်း (ရှယ်) တစ်ပြည်ကို ၂၀ဝ၀ (ကျပ်) ပဲရှိတာ၊ အခု ၂၂၀ဝ(ကျပ်) နဲ့ ဝယ်ရတယ်”ဟု ချမ်းမြသာစည်မြို့နယ်မှ အိမ်ရှင်မ ဒေါ်ညိုက ပြောကြားသည်။

မန္တလေးဆန်ဈေးကွက်အတွင်းသို့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုမြို့နှင့် မန္တလေးတိုင်းရှိ မတ္တရာမြို့တို့မှ ထွက်ရှိသော ဆန်များ အဓိက ဝင်ရောက်လေ့ရှိရာ လက်ရှိအချိန်၌ ဆန်အသစ် မဝင်သေးကြောင်း မန္တလေး မြို့ခံဆန်ကုန်သည်များ အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့တော် ဆန်ဈေးကွက်အတွင်း ဩဂုတ်လ ၂၇ ရက်နေ့က ဧရာ ပေါ်ဆန်းတစ်အိတ် လျှင် ၄၆,ဝ၀ဝ ကျပ်၊ မဂျမ်း (ရှယ်) တစ်အိတ်လျှင် ၄၇,ဝ၀ဝ ကျပ်ရှိပြီး ဒုတိယတန်း စားဆန်များအနေနှင့် တစ်အိတ်လျှင် ၂၅,ဝ၀ဝ ကျပ်မှ ၂၇,ဝ၀ဝ ကျပ်အတွင်း ပေါက်ဈေးရှိကြောင်း မန္တလေးမြို့ ဆန်ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

The Voice

No comments:

Post a Comment