ယုန်သလင်းကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအား ဒေသခံ ၆၀ ခန့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်
ဟင်္သာတ သြဂုတ် ၂၃
ယုန်သလင်းကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးအား ဒေသခံ ၆၀ ခန့် သြဂုတ်လ ၂၃ ရက်တွင် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို နံနက် ၁၁ နာရီအချိန်တွင် ဟင်္သာတမြို့၊ ဦးပါရဲစေတီတော်ရှေ့မှ စတင်ခဲ့ပြီး ကြွေးကြော်သံများဖြင့် စီတန်းလမ်းလျှောက်ကာ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးရှေ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မီးကော်မတီကို ဆန္ဒပြရတယ်ဆိုတာက ပြည်သူ့ဘဏ္ဍာငွေသိန်း သုံးထောင်၊ နိုင်ငံတော်က လှူထားတာက လျှပ်စစ်တွေ၊ ထရမ်စဖော်မာတွေ၊ အလှူရှင်နှစ်ဦး လှူထား တာက သိန်းတစ်ရာ၊ ပြည်သူ့ငွေတွေ ကောက်ခံထားတာက သိန်းနှစ်ထောင်ကျော်လောက်ရှိတယ်။ ဒီပိုက်ဆံတွေကို ငွေစာရင်းရှင်းပါပြောတာကို ပြေစာမရှိဘူး။ ဘောက်ချာတစ်ခုမှ မရှိဘူး။ ဘောက်ချာ မရှိတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ရုံးကို လာခဲ့ပါတဲ့၊ အစစ်ခံနိုင်အောင် စာရင်းတည်ဆောက် ပေးမယ်တဲ့။ အများပြည်သူ့ပိုက်ဆံတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစစ်ခံနိုင်အောင် စာရင်း တည်ဆောက်ပေးရမှာလား၊ ကိုယ်ကိုယ်တိုင်အရေးယူရမှာလား။ ဒါကြောင့်မို့လို့ ဥပဒေမဲ့လုပ်ရပ်တွေ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကိုယ်တိုင်ကျူးလွန်တယ်။ ၀င်ရောက်စွက်ဖက်တဲ့အတွက် ပြည်သူ့ ဘဏ္ဍာငွေကြေးတွေ စာရင်းမရှင်းလင်းတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မီးကော်မတီကို ဆန္ဒပြရ ခြင်းဖြစ်တယ်”ဟု ဆန္ဒပြပွဲ၌ ဦးဆောင်သူတစ်ဦး ဖြစ်သည့် မန်းကျော်အောင်ထွန်း ကပြောကြားသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက တရားဥပဒေစိုးမိုးရေး - ဒို့အရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အား ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး၊ ပြည်သူ့ဘဏ္ဍာငွေစာရင်းရှင်းပေးရေး - ဒို့အရေး၊ ပြည်သူ့ဆန္ဒအသိအမှတ်ပြုပေးရေး - ဒို့အရေးဟု ကြွေးကြော်ခဲ့ကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က“ယုန်သလင်း ကျေးရွာမီးလင်းရေးကော်မတီဟာ ရပ်ရွာအစီအစဉ်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့အစည်းက ဖွဲ့စည်းပေးထားတဲ့ကော်မတီမဟုတ်ပါဘူး။ ဒါကလည်း လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သုံးစွဲနေတဲ့ ငွေကြေးနဲ့ပစ္စည်းတွေက လည်း သူတို့ ကိုယ်တိုင်အလှူခံပြီး သူတို့ကိုယ်တိုင်စီမံခန့်ခွဲတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ အနေနဲ့ ပြည်သူ့ဘဏ္ဍာငွေစာရင်းကနေ ငွေစာရင်းခေါင်းစဉ်နဲ့ချထားပေးတာမျိုးတစ်စုံတစ်ခုမှ မရှိပါ ဘူး။ ငွေစာရင်းရသုံးတွေနဲ့ပတ်သက်ပြီး သိလိုတယ်ဆိုရင် ကျွန်တော်တို့က အဆင့်ဆင့်ခွင့်ပြု ချက် ရယူပြီး စစ်ဆေးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကော်မတီကို အနီးကပ်ကြီးကြပ်ဖို့ ကျွန်တော်တို့ မြို့နယ်အနေနဲ့ ကြီးကြပ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်သွားစေ မှာဖြစ်ပါတယ်”ဟု ဖြေကြားသည်။
ကျေးရွာမီးလင်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမောင်ဌေးအား မေးမြန်းခဲ့ရာ “ဦးလေးတို့ ယုန်သလင်းကျေးရွာရဲ့ မီးလင်းရေးဆောင်ရွက်မှုက မူလကတည်းက မီးလိုချင်တဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး ကိုယ့်အား ကိုယ်ကိုးဆောင်ရွက်ခဲ့တာဖြစ်တယ်။ ပြည်သူရဲ့ထည့်ဝင်ငွေနဲ့ အဓိကဆောင်ရွက်တာဖြစ်တယ်။ ပံ့ပိုးမှုရရှိတယ်ဆိုတာက လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်တယ်။ ကော်မတီအနေနဲ့ ငွေစာရင်းကို ပြည့်ပြည့်စုံစုံဆောင်ရွက်ပြီးဖြစ်သလို သက်ဆိုင်ရာ စာရင်းအင်း ကျွမ်းကျင်တဲ့သူတွေနဲ့ အစစ်ဆေးခံယူပြီးတော့ ငွေကြေးထည့်ဝင်ထားတဲ့ပြည်သူကို ဦးလေးတို့အနေနဲ့ တိုးတိုးတိတ်တိတ် ရှင်းတာမဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရားဝင် ရှင်းလင်းတင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီကနေ့ဆန္ဒပြတဲ့အဖွဲ့ဟာ ကျေးရွာမှာ ဒီကနေ့အထိ မီးယူတဲ့ သူတွေမဟုတ်သလို မီးအလကား ရရှိရေးကိုတောင်းဆိုနေတဲ့အဖွဲ့သာဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဒေသခံ ၉ ဦးမှ ပထမအကြိမ်ဆန္ဒထုတ်ဖော်ခဲ့ပြီး “ကိုယ်ထူကိုယ်ထအမည်ခံလက်ဝါးကြီးအုပ် မီးလင်းရေး ကော်မတီ များ ဖျက်သိမ်းပေးရေး- ဒို့အရေး”၊ “ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး”၊ “ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီများကို ဦးစားပေးကာကွယ်ထားသောဥပဒေများ မမျှတသဖြင့် ဖျက်သိမ်းပေးရေး - ဒို့အရေး”ဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Wednesday, August 23, 2017
ယုန်သလင်းကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအား ဒေသခံ ၆၀ ခန့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်
ယုန်သလင်းကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအား ဒေသခံ ၆၀ ခန့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်
Reviewed by Ar Ti
on
9:04 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment