Latest News

Tuesday, August 15, 2017

မောင်တောဒေသကာကွယ်ရန် ရခိုင်တိုင်းရင်းသားများအား ပြည်သူ့စစ် ဖွဲ့စည်းပေးမည်

မောင်တောဒေသကာကွယ်ရန် ရခိုင်တိုင်းရင်းသားများအား ပြည်သူ့စစ် ဖွဲ့စည်းပေးမည်

ရခိုင်မြောက်ပိုင်း မောင်တောဒေသက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ပြည်ထောင်စု အစိုးရကနေ အင်တိုက် အားတိုက် ဆောင်ရွက်နေပြီး အဲဒီဒေသက ရခိုင်တိုင်းရင်းသားတွေ ကိုပါ ပြည်သူ့စစ်အသွင်သဏ္ဍန် စစ်သင်တန်းပေး၊ လက်နက်တွေ တပ်ဆင်ပေးသွားဖို့ စီစဉ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (စစ်တွေမြို့နယ် ဥက္ကဋ္ဌ) ဦးစံရွှေကျော်က ပြောပါတယ်။

“ခင်ဗျားတို့ သတင်းထောက်တွေအနေနဲ့လည်း သိပြီး ဖြစ်ပါလိမ့်မယ်။ မသိရင်လည်း သိအောင် ပြောလိုက်တော့မယ်။ သိပ်မကြာခင်မှာပဲ ပြည်ထောင်စုအစိုးရမှာ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ အကြီးအကျယ် ဒီခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ လုပ်နေတယ်။ ပြီးရင် အဲဒီဒေသတွေ လုံခြုံအောင် ဝေးလံဒေသ ခုအကြမ်းဖက်မှုတွေဖြစ်နေတဲ့ ဒေသအားလုံးမှာ ပြည်သူ့ စစ်အသွင်သဏ္ဍန်နဲ့   ဆောင်ရွက်သွားမယ်။ ဒါတွေအားလုံးကို အစီစဉ်ချနေပါတယ်။”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (စစ်တွေမြို့နယ် ဥက္ကဋ္ဌ) ဦးစံရွှေကျော်က ဒီကနေ့ သြဂုတ်လ ၁၅ ရက်မှာ ပြောပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်က မြို့နယ် (၁၅) ခုမှာ လူထုဆန္ဒဖော်ထုတ်ပွဲတွေကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ကို တောင်းဆိုခဲ့ပါသေးတယ်။

“ပြည်သူ့စစ်အသွင်သဏ္ဍန် ဖွဲ့စည်းဖို့ လူထုကလည်း တင်ပြထားကြပါတယ်။ အစိုးရကလည်း ဒီကိစ္စကို သိပ်မကြာခင်မှာပဲ ပြည်သူလူထုကို စစ်သင်တန်းတွေပေးပြီး ပြည်သူ့စစ်အသွင်နဲ့ လူတိုင်း စစ်ပညာ တတ်ထားရမယ်ဆိုတဲ့ သဘောမျိုး လုပ်ဖို့ စီစဉ်နေတယ်။ ဒါကိုလည်း ကျွန်တော်တို့က အရမ်း အားရကျေနပ်ပါတယ်။ ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (စစ်တွေမြို့နယ် - ဥက္ကဋ္ဌ) ဦးစံရွှေကျော်က ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၁၄ ရက်နေ့ကလည်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီးရဲအောင်အပါအဝင် ပြည်ထောင်စုဝန်ကြီး (၄) ဦးရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တပ်မတော်အနေနဲ့ ရဟတ်ယာဉ်နဲ့ သံချပ်ကာကားတွေကိုပါ အသုံးပြုသွားမှာ ဖြစ်ကြောင်းကို စစ်တွေမြို့က ဆရာတော်ကြီး ၁၁ ပါးနဲ့ ဆုံတွေ့ရာမှာ ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း ရွှေစေတီ ဆရာတော် အရှင် အရိယဝံသရဲ့   ပြောကြားချက်ကို ကိုးကားပြီး RFA မြန်မာပိုင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးချိန် ကလည်း ရခိုင်ပါတီတွေအများအပြားနဲ့ လူထုတွေက ပြည်သူ့စစ်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သက်ဆိုင်ရာမှ ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ရဲ့ ဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် ရခိုင်အမျိုးသားပါတီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်တို့ တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့သလို အထူး တိုက်ခိုက်ရေးတပ်မတွေကိုပါ မောင်တောဒေသကို စေလွှတ်ထားပါတယ်။

Mizzima

No comments:

Post a Comment