Latest News

Thursday, August 3, 2017

ကင်ဆာဆေးဝါး သုတေသနဆုကို မြန်မာအမျိုးသမီး သိပ္ပံပညာရှင်ရရှိ

ကင်ဆာဆေးဝါး သုတေသနဆုကို မြန်မာအမျိုးသမီး သိပ္ပံပညာရှင်ရရှိ

၂၀၁၇ Pershing Square Sohn Prize ကင်ဆာ ဆေးဝါးသုတေသနဆုကို အမေရိ ကန်ပြည်ထောင်စု ကော်နဲလ် တက္ကသိုလ် ဓာတုဇီဝဗေဒဌာန တွဲဖက်ပါမောက္ခ အသက် (၃၀) ကျော်အရွယ် မြန်မာအမျိုးသမီး သိပ္ပံပညာရှင် ဒေါက်တာရည်မွန် အေးနှင့်အဖွဲ့က ရရှိခဲ့သည်။

အဆင့်မြင့် တီထွင်ထား သည့် နည်းပညာသုတေသနများ ကို ကင်ဆာရောဂါကုသရေးတွင် အသုံးချနိုင်ရန် ရည်ရွယ်၍ အဆို ပါ ကင်ဆာသုတေသနဆုကို အမေရိကန်ပြည်ထောင်စု နယူး ယောက်အခြေစိုက် လူငယ်သိပ္ပံ ပညာရှင်များအား ၂၀၁၄ ကစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခြင်းဖြစ် သည်။

Pershing Square Foundation ကို ၂၀၀၆ က နယူး ယောက်အခြေစိုက် Pershing Square Management ကုမ္ပဏီ စီအီးအို ဘေလ်အက်မန်းက စတင်တည်ထောင်ခဲ့ပြီး ကင်ဆာ ရောဂါကုသရေး ဆောင်ရွက်နေ သည့် Sohn Conference Foundation နှင့် ပူးပေါင်းကာ အဆိုပါ ကင်ဆာသုတေသနဆု ကို ၂၀၁၄ ကစ၍ ချီးမြှင့်ခြင်းဖြစ် သည်။

 ယခုနှစ်တွင် ဆုရရှိသူ ခြောက်ဦးအနက် ဒေါက်တာရည် မွန်အေး ဦးဆောင်သော အဖွဲ့ဝင် ငါးဦး ပါဝင်သည့် Aye Group သည်လည်း ချီးမြှင့်ခံရပြီး တစ်နှစ်လျှင် ကန်ဒေါ်လာနှစ်သိန်းဖြင့် သုံးနှစ်ဆက်တိုက် ငွေကြေးပံ့ပိုးမှု ရရှိမည်ဖြစ်သည်။ကင်ဆာရောဂါကို ဓာတ် ကင်ကုသရန်မလိုဘဲ ပျောက် ကင်းအောင်ကုသနိုင်မည့် ဆေးဝါးတီထွင်ရန် နည်းလမ်းများကို ၎င်း၏သုတေသနပြုချက်က ပဏာမ ရှာဖွေတွေ့ရှိထားပြီး ယင်းသုတေသနကို ယခုရရှိခဲ့သော သုတေသနဆု အထောက်အပံ့ဖြင့် ဆက်လက်လုပ်ဆောင်မည် ဟု ဒေါက်တာရည်မွန်အေးက ကော်နဲလ်တက္ကသိုလ် သတင်းထုတ်ပြန်ချက်တွင် ပြောကြား ထားသည်။

 ‘‘ကင်ဆာရောဂါနဲ့ ပတ် သက်ပြီး ပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော် ထုတ် သုတေသနပြုနေတဲ့အ တွက် ဒီဆုရခဲ့တာပါ။ ဒီဆုအတွက် အဆိုတင်သွင်းခဲ့ကြသူတွေထဲမှာ နိုဗယ်ဆုရထားတဲ့သူတွေ အပါအဝင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကင်ဆာဇီဝပညာရှင် တွေလည်း ပါပါတယ်။ ဒီဆုကို ပေးဖို့ အင်တာဗျူးတဲ့သူတွေဟာ ထိပ်တန်းသိပ္ပံပညာရှင်တွေ ဖြစ် ပြီးတော့ တွေ့ဖို့အခွင့်အရေးရဖို့တောင် မလွယ်တဲ့သူတွေပါ။ ကျွန်မကို တတိယအကြိမ် အင်တာဗျူးခေါ်တော့ သူတို့နဲ့ တွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်’’ဟု ဒေါက်တာရည်မွန်အေး က ထုတ်ပြန်ချက်တွင် ပြောကြား သည်။

 ဒေါက်တာရည်မွန်အေး သည် ၂၀၁၂ ဇူလိုင်ကစ၍ ကော်နဲလ်တက္ကသိုလ် ဓာတုဇီဝဗေဒဌာန၏ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တက္ကသိုလ်တွင် စတင်တာဝန်ထမ်း ဆောင်စဉ်ကပင် ယခုသုတေသနဆုရရှိခဲ့သော ကင်ဆာရောဂါ ဆိုင်ရာ ဆေးဝါးသုတေသနကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျူမာအကျိတ်ကို ပျောက် ကင်းစေနိုင်မည့် ဖြစ်နိုင်စရာ လမ်းကြောင်းကို တွေ့ရှိထားပြီး ကင်ဆာနှင့် သက်ဆိုင်ခြင်းဖြစ် စေ၊ ကျူမာနှင့် သက်ဆိုင်ခြင်းဖြစ်စေ ပျောက်ကင်းသက်သာစေနိုင်သည့် လမ်းကြောင်းဖြစ်လာမည်ဟု ဒေါက်တာရည်မွန်အေးက ဗီအိုအေသတင်းဌာနအား ပြော ကြားထားသည်။

မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်း ဆိုးရွားနေချိန်တွင် ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစားမည်ဟူသည့်စိတ်ဖြင့် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ပညာတော်သင်ဆုများ ရရှိခြင်းကြောင့် သာ နိုင်ငံရပ်ခြား၌ သွားရောက် ပညာသင်ယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို အားကျစိတ်ဖြင့် အောက်စဖို့ဒ်တက္ကသိုလ် တက်ရောက်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာရည်မွန်အေးက ဗီအိုအေသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

‘‘အမိမြန်မာနိုင်ငံကို တစ် ချိန်မှာ အကျိုးပြုနိုင်ဖို့ စိတ်လည်း ရှိတယ်။ ဒီအတွက်လည်း ကြိုး စားနေတာပါ’’ဟု မြန်မာနိုင်ငံသို့ ပြန်လာကာ အကျိုးပြုလိုကြောင်း ဒေါက်တာရည်မွန်အေးက ထည့် သွင်းပြောကြားသည်။

 ဒေါက်တာရည်မွန်အေး သည် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး တတိယရရှိ ပြီး ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အ ထိ ဗြိတိန်နိုင်ငံ Cambridge Tutors College (CTC)တွင် တက်ရောက်ရန် ပညာသင်ဆု ရရှိခဲ့ သည်။

 ၎င်းသည် ၂၀၀၀ ပြည့်နှစ် တွင် ကျင်းပသည့် A-Level စာမေးပွဲ၌ ဓာတုဗေဒပညာရပ်နှင့် ဗြိတိန်တစ်နိုင်ငံလုံး၌ အမှတ်အ များဆုံးရရှိခဲ့ပြီး Royal Society of Chemistry's National ဆု ရရှိခဲ့သည်။ ၂၀၀၄ တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ ဓာတုဗေဒဘွဲ့နှင့် မဟာဓာတုဗေဒဘွဲ့ ရရှိခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် တွင် ပညာသင်ကြားနေစဉ် ဗြိတိသျှကောင်စီက ချီးမြှင့်သည့် ပထမဆုံး နိုင်ငံတကာ ကျောင်း သားဆုကို ၂၀၀၃ က ရရှိသည်။

ဓာတုဗေဒနှင့်ဇီဝဓာတုဗေဒ ပညာရပ် Ph.D ဘွဲ့ကို ၂၀၀၉ တွင် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်မှ ရရှိခဲ့ပြီး Massachusetts Institute  of Technology (MIT) ကျောင်း၌ သုတေသနများ လုပ်ဆောင်ခဲ့ကာ လက်ရှိတွင် ကော်နဲလ်တက္ကသိုလ် ဓာတုဇီဝဗေဒဌာန၏ တွဲဖက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေသည်။

 ဒေါက်တာရည်မွန်အေး သည် သိပံ္ပနှင့်ဓာတုဗေဒ အပါအ ဝင် တီထွင်မှုဆိုင်ရာ ဆုတံဆိပ် များစွာ ရရှိထားပြီး ၂၀၁၇ တွင် Office of Naval Research Young Investigator Award ဆု ရရှိထားသည်။

7Day News

No comments:

Post a Comment