တပ်မတော်သားတွေ တင်လာတဲ့ရထား မိုင်းခွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နားမှာ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခံရတာလို့ ဆိုပါတယ်။
တပ်မတော်သားတွေလိုက်ပါလာပြီး မြစ်ကြီးနားကနေ မန္တလေးကို ထွက်လာတဲ့ ရထားတစီး သြဂုတ် ၁ ရက် ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပင်ဝဲရွာနဲ့ စီးမော်ရွာကြားမှာ ရှေ့ထွက်မိုင်းလို့ ယူဆရတဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခံရတာလို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီရထားက ဒုတိယဗိုလ်မှူးကြီး လှမျိုးဟန်ဦးစီးပြီး တပ်မတော်သား အများအပြားလိုက်ပါလာတဲ့ အစုန်ရထားဖြစ်ကာ ဖောက်ခွဲခံရလို့ စက်ခေါင်းရှေ့မီးကြီးနဲ့ လေကာမှန်တွေ ကွဲအက်ပြီး စက်ခေါင်းမောင်း ညာဘက်လက်မောင်း မှန်ကွဲစထိမှန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“မိုးညှင်းဘက်က မိုင်းရှင်းရထားလည်း လာတယ်။ ကသာတပ်ရင်းက တာဝန်ရှိသူတွေက လမ်းကြောင်းတလျှောက်မိုင်းရှင်းပြီး ဒီနေ့ နေ့လယ်မှာပဲ ပြန်သွားတယ်။ အခုတော့ ရထားတွေ အားလုံး ပုံမှန် သွားနေကြပါပြီ” လို့ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမှတ် ၅၇၊ အမှတ် ၃၇ မန္တလေး-မြစ်ကြီးနား အဆန်ရထား၊ အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား၊ အမှတ် ၅၈၊ အမှတ် ၅၀ မန္တလေး-မြစ်ကြီးနား အစုန် ရထားတွေကို ခဏရပ်နားထားခဲ့ရပါတယ်လို့ သိရပါတယ်။
Source & Photos : DVB:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment