ချိန်ခါလီ ဘင်္ဂါလီဒုက္ခသည်စခန်းမှ လုပ်သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် လမ်းတံတားဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး ဒဏ်ရာရရှိ
ရခိုင်ပြည်နယ်၊ မောင်တော တောင်ပိုင်းရှိ ချိန်ခါလီ ဘင်္ဂါလီဒုက္ခသည်စခန်းမှ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် လမ်းတံတားဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး ဒဏ်ရာဖြင့် စစ်တွေဆေးရုံသို့ ယနေ့ (သြဂုတ်လ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဒဏ်ရာရ ၀န်ထမ်းနှစ်ဦးနှင့်အတူ အရပ်သားနှစ်ဦးအပါအ၀င် စုစုပေါင်း လေးဦးတို့သည် ကိုးတန်ကောက်ကျေးရွာတွင် လွန်ခဲ့သော နှစ်ရက်ကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်တွင် သွားလာနိုင်ခြေ ရှိသည်ဟုဆိုကာ အငူမော်လမ်းအတိုင်း ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခဲ့စဉ် ယနေ့ မွန်းလွဲ ၁၂ ကျော်အချိန်ခန့်က ချိန်ခါလီ ဘင်္ဂါလီဒုက္ခသည်စခန်းအနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် ဒုက္ခသည်စခန်းအတွင်းမှ လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆိုင်ကယ်စီးလာသူ နှစ်ဦးတွင် ဒဏ်ရာများစွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဒဏ်ရာရသူများကို အမြန်ရေယာဉ်ဖြင့် သယ်ဆောင်လာပေးသူ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ” ချိန်ခါလီ ဘင်္ဂါလီဒုက္ခသည်စခန်းအတွင်းက သေနတ်နဲ့ ပစ်တာပေါ့။ သူတို့က လမ်းကနေ ဆိုင်ကယ်နဲ့သွားတာကို ထွက်ပြီးပစ်တာ။ အဲဒီမှာ ဒဏ်ရာရပြီး ထွက်ပြေးလာခဲ့တဲ့အတွက် လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ အဲဒါကို သတင်းကြားတဲ့အတွက် အငူမော်ကမ်းကနေ ကျွန်တော့် အမြန်ရေယာဉ်နဲ့ တင်ဆောင်ကာ မြစ်ကိုဖြတ်ပြီး ရေချမ်းပြင်ကတစ်ဆင့် ကားနဲ့တင်လာပြီး စစ်တွေဆေးရုံကို ကျွန်တော်တို့အဖွဲ့က ပို့ဆောင်ခဲ့ပါတယ်။ ဒဏ်ရာကတော့ ခဲဝင်တဲ့ဒဏ်ရာ အများအပြား ရထားတယ်။ ဦးခေါင်းနောက်စေ့မှာလည်း ခဲဝင်နေတာ တွေ့တယ်၊ ခွဲစိတ်ကုသရမယ်လို့ သိရတယ်၊ ဒဏ်ရာကတော့ ခေါင်း၊လက်၊ ခြေထောက် အစုံပါပဲ”ဟု ပြောကြားခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသူများမှာ မောင်သိန်းအောင် (နေ့စားလပေး) အသက် ၄၄ နှစ်၊ လမ်းဦးစီးဆောက်လုပ်ရေးဝန်ထမ်းနှင့် ဇော်ဇော်သီ၊ အသက် ၃၇ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က”လုံခြုံရေးကောင်းမယ်ထင်ပြီး လာတာကို ဒုက္ခသည်စခန်းက ပစ်တယ်ဆိုတာဟာ ဒုက္ခသည်စခန်းမှာ အကြမ်းဖက်ဘင်္ဂလီတွေ ရှိနေလို့ပါပဲ။ အဲဒါကို ထိရောက်အောင် အရေးယူရမယ်။ အဲဒီစခန်းက အကြမ်းဖက်သမားတွေကို ရှာဖွေဖမ်းဆီး ဖော်ထုတ်ရမယ်၊ ဒေသမတည်ငြိမ်သလို အကြမ်းဖက်သမားတွေ ဒုက္ခသည်စခန်းမှာ ရှိနေတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်၊ ရှင်းလင်းဖို့ လိုမယ်လို့ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
Eleven Media Group
Monday, August 28, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment