Latest News

Monday, August 7, 2017

ငွေလဲကောင်တာတွင် သေနတ်ပစ်ဖောက်၍ လုယက်ရန် ကြံစည်သူတို့၏ အသုံးပြုပစ္စည်းများကို အင်းလျားကန်ပေါင်တွင် တွေ့ရှိ

ငွေလဲကောင်တာတွင် သေနတ်ပစ်ဖောက်၍ လုယက်ရန် ကြံစည်သူတို့၏ အသုံးပြုပစ္စည်းများကို အင်းလျားကန်ပေါင်တွင် တွေ့ရှိ


ရန်ကုန်၊ ဩဂုတ် ၇

မရမ်းကုန်းမြို့နယ်၊ ကိုးမိုင် Ocean Center အရှေ့ရှိ Farmer Money Changer ဆိုင်တွင် သေနတ် ပစ်ဖောက်ခဲ့သူတို့၏ အသုံးဆောင်ပစ္စည်းနှင့် ကျည်ဆံအချို့ကို ပြည်လမ်းနှင့် အင်းလျားလမ်းထောင့်၊ ကန်ပေါင်ရှိ အမှိုက်ပုံးအတွင်းမှ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိထားပေမယ့် လူတွေကိုတော့ မမိသေးပါဘူး။ အမြန်ဆုံး ဖမ်းမိအောင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။”ဟု ရဲအရာရှိက ပြောကြားသည်။

ဩဂုတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကမာရွတ်မြို့နယ်အပိုင် အင်းလျားကန်ပေါင်ရှိ စည်ပင်အမှိုက်ပုံး တစ်ခုအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ် နှစ်လုံးကို စည်ပင် နေ့စားဝန်ထမ်း နှစ်ဦးက ဖွင့်ကြည့်ရာ အနက်ရောင် ကျောပိုးအိတ်ထဲမှ ကျည်ဆံအချို့နှင့် အော်ရီဒူး၊ တယ်လီနော ဆင်းကတ် နှစ်ကတ်၊ ငွေဖြည့်ကတ် တစ်ခု၊ စနိုးတာဝါ တစ်ခု၊ ဆိုင်ကယ်သော့တွဲ တစ်တွဲ၊ နှာခေါင်းစည်း မျက်နှာဖုံးတစ်ခုနှင့် အနီရောင် လက်ကိုင်ရိုးတပ် ဝက်အူလှည့်တစ်ချောင်း၊ Red Ruby စီးကရက် ၂ ဘူး၊ ဂျင်းဘောင်းဘီရှည် တစ်ထည်၊ အင်္ကျီကွက်စိပ် လက်ရှည် တစ်ထည်၊ အနက်ရောင် လက်အိတ် တစ်ခု၊ ယောက်ျားစီး ဖိနပ်တစ်ရံ၊ တိတ်အကြည် သုံးခွေတို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့သည်။

အဆိုပါ ပစ္စည်းများကို စစ်ဆေးခဲ့ရာ Farmer Money Changer ဆိုင်ထဲ သေနတ်ပစ်ဖောက်ခဲ့သူ နှစ်ဦး၏ အသုံးဆောင် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွတ်မြောက်နေသည့် သေနတ်သမား နှစ်ဦးမှာ ဩဂုတ်လ ၅ ရက် နံနက် ၈ နာရီခွဲက Farmer Money Changer ဆိုင်တွင် ဒေါ်လာ ၃၀ အား မြန်မာငွေဖြင့် လဲလှယ်နေစဉ် လုယက်မှုကျူးလွန်ရန် ကြံစည်ရာမှ ကျည်ထွက်သွားသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းတို့ကို မရမ်းကုန်းမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/ ၃၉၃/ ၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

No comments:

Post a Comment