Latest News

Tuesday, August 8, 2017

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့တွင် မုံရွာတက္ကသိုလ်ဆရာများ တာဝန်မထမ်းလိုကြောင်း ဆရာ(၆၃)ဦးက လက်မှတ်ထိုးတင်ပြထား


မုံရွာမြို့ပေါ်တွင် နေ့စဉ်စည်းကမ်းမဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို သြဂုတ်လ ၁ရက်မှ စတင်ကာ ဖမ်းဆီးအရေးယူလျက်ရှိရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့တွင် မုံရွာတက္ကသိုလ်မှဆရာများ တာဝန်ထမ်းဆောင်လိုခြင်း မရှိကြောင်းကို မုံရွာတက္ကသိုလ် ဌာနပေါင်းစုံမှ ဆရာ(၆၃)ဦးက လက်မှတ်ထိုးကာ တင်ပြထားကြောင်း သိရသည်။

စုပေါင်းကန့်ကွက် လက်မှတ်ထိုးထားမှုများကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် နှင့်မုံရွာမြို့အမှတ်(၁၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှုးရုံးသို့ ပေးပို့တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းပျက်ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရာတွင်ဆောင်ရွက်ရာ၌ မုံရွာတက္ကသိုလ်မှဆရာများသွားရောက်ပူးပေါင်းရန် တာဝန်ချထားခံရမှုသည် ခေတ်နှင့်မလျော်ညီသော တာဝန်ချထားမှုဖြစ်သည့်အတွက် မုံရွာတက္ကသိုလ်ဆရာများက စုပေါင်း လက်မှတ်ထိုးကာကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

တာဝန်ရှိသူများအနေဖြင့်လုပ်ငန်းဆောင်ရွက်ရာတွင် မလိုလားအပ်သောပြဿနာများမဖြစ်ပွားစေရန်နှင့် တက္ကသိုလ်ပြင်ပလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်သက်ဆိုင်ရာ ဆရာဆရာမများ၏ သဘောထားကိုအသိပေးတောင်းခံပြီးမှ လုပ်ဆောင်စေလိုသည့်အတွက် မုံရွာတက္ကသိုလ် ဆရာ ဆရာမများသမဂ္ဂအဖွဲ့မှ ဦးဆောင်ကာလက်မှတ်များကိုကောက်ခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
``မုံရွာဗိုလ်ချုပ်လမ်းပေါ်ကဇရပ်ဝိုင်းနဲ့ကန်သာယာနားမှာဖမ်းသလိုပြည်ထောင်စုလမ်းဘူတာနားနဲ့ဘုရားနီလမ်းဆုံနားမှာဖမ်းနေတာတွေ့ရပါတယ်။အဲဒီမှာတက္ကသိုလ်ကဆရာတွေဆရာမတွေပူးပေါင်းဖမ်းပေးဖို့ တာဝန်ချပါတယ်။အဲဒါတွေကဆရာဆရာမတွေ အလုပ်မဟုတ်ပါဘူး။ ဒါကြောင့် ကမ်ပိမ်းလုပ်ပြီး သက်ဆိုင်ရာကို မလုပ်နိုင်တဲ့အကြောင်း တင်ပြထားတာဖြစ်ပါတယ်။ တက္ကသိုလ်ထဲက ကျောင်းသားကျောင်းသူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ပညာပေး ဟောပြောဖို့ဆိုရင် လက်ခံပါတယ်။ ခုလိုဟာ ကတော့ လက်မခံနိုင်ပါဘူး´´ဟုမုံရွာတက္ကသိုလ် ဆရာဆရာမများ သမဂ္ဂဥက္ကဌ ဒေါက်တာဝင်းခိုင်ကပြောပြသည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment