Latest News

Tuesday, August 29, 2017

မွတ်ဆလင် နယ်မြေထူထောင်ရန် မောင်တောဒေသကို တိုက်ခိုက် ခြင်းဟုဆို

မွတ်ဆလင် နယ်မြေထူထောင်ရန် မောင်တောဒေသကို တိုက်ခိုက်
ခြင်းဟုဆို

ရန်ကုန်၊ သြဂုတ် ၂၉

မွတ်ဆလင်နယ်မြေ ထူထောင်ရန် မောင်တောဒေသကို အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းက ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက် သည်။

မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ တွင် ၎င်းက ယင်းသို့ပြောဆိုခဲ့သည်။

အကြမ်းဖက်သမားများသည် ပြည်ပမှ အစွန်းရောက်အဖွဲ့များ၊ လူမျိုးရေးဘာသာရေး သွေးခွဲလှုံဆော်သူများ၏ ငွေကြေး ထောက်ပံ့မှု၊ အရှေ့အလယ်ပိုင်းရောက်ရှိနေသည့် မောတောဒေသမှ ဘင်္ဂါလီများ၏ ထောက်ပံ့မှု၊ မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေကြေးများကို အသုံးပြုခဲ့ကြောင်း ရဲမှူးချုပ် ဝင်းထွန်းက ပြောဆိုသည်။

ရသင့်သည့် အခွင့်အရေးများ မရဆိုသည့် ယူဆချက်ကို အသုံးချကာ မောင်တောဒေသရှိ ဘင်္ဂါလီများကို မော်လဝီများက ဦးဆောင်ကာ စည်းရုံးခဲ့ကြောင်း၊ ယင်းနောက် လူသူအရောက်နည်းသည့် နေရာများ၊ မေယု တောင်ကြောတိုတွင် သေနတ်ပစ်နည်း၊ သေနတ်လုပ်နည်း၊ မိုင်းပြုလုပ် ဖောက်ခွဲနည်း၊ ကိုယ်ခံပညာတို့ကို သင်ပေး ခဲ့ကြောင်း ၎င်းက ဆိုသည်။

အစိုးရနှင့် ပူးပေါင်းသည်ဟု သံသယရှိသူများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် စိုးရိမ် ကြောက်လန့်မှုကြောင့်လည်း ဒေသရှိ ဘင်္ဂါလီများ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ရကြောင်း ရဲမှူးချုပ် ဝင်းထွန်းက ပြောဆိုသည်။

မောင်တောဒေသတွင် ရဲကင်းစခန်း၊ ရဲစခန်း ၄၀ကျော် အကြမ်းဖက် တိုက်ခိုက်ခံရကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၆၆ ကြိမ် တိုက်ခိုက်ခံရပြီး မိုင်းဖောက်ခွဲမှု၊ အကြမ်းဖက်များ မီးရှို့မှုနှင့် နယ်မြေရှင်းလင်းစဉ် ထိတွေ့မှု အကြိမ်များစွာ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါရှင်းလင်းပွဲတွင် နိုင်ငံတော် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့က ရှင်းလင်းခဲ့သည်။

The Voice Journal

No comments:

Post a Comment