Latest News

Wednesday, July 19, 2017

လိုင်းကားတိုင်း ငွေပုံးတပ်ဆင် အသုံးပြုရမည့် YBS ၏ ဒုတိယ အပြောင်းအလဲဖြစ်စဉ်နေ့ကို ခရီးသည်များမျှော်လင့်စောင့်ကြို

လိုင်းကားတိုင်း ငွေပုံးတပ်ဆင် အသုံးပြုရမည့် YBS ၏ ဒုတိယ အပြောင်းအလဲဖြစ်စဉ်နေ့ကို ခရီးသည်များမျှော်လင့်စောင့်ကြို

ခင်ဆိုင်

နှစ်ပေါင်းဆယ်စုနှစ်များစွာရှိနေခဲ့သော ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ် လိုင်းစနစ်ဟောင်းကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် အဆုံးသတ်ခဲ့သည်။ လက်ရှိ ကျင့်သုံး နေသောယာဉ်လိုင်းစနစ်သစ်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် တနင်္လာနေ့မှစ၍ စတင်ပြောင်းလဲကျင့်သုံးလာရာ ယခုဆို လျှင် ခြောက်လစွန်း၍ ခုနစ်လအတွင်း ရောက်ရှိလာသည်။

ရန်ကုန်မြို့ရှိ လိုင်းကားစီး သွားလာနေသူ နှစ်သန်းဝန်းကျင် သည် ယင်းနေ့ကို စိုးရိမ်ပူပန်ခြင်းများဖြင့် နံနက်ပိုင်းမှစ၍ တွေ့ကြုံရသော အဆင်မပြေခြင်း များကို အများပြည်သူတို့၏ပူးပေါင်းကူညီသည့် စေတနာ့ဝန်ထမ်း လုပ်အားနှင့် ယာဉ်အကူ တို့ဖြင့် ကျော်လွှားနိုင်ခဲ့သည်။ ငါးရက်တိုင်တိုင် အများပြည်သူ တစ်ဦးချင်းသာမက ဌာနဆိုင်ရာများအပါအဝင် လူထု လူ တန်း စား အဖွဲ့အစည်းများပါ နေ့ပိုင်းတွင်သာမက ညပိုင်းအထိပါ မိမိတို့၏ အသိစိတ် ထားဖြင့် ကူညီခဲ့ရာမှ ယနေ့အနေအထားမျိုး ရောက်ရှိလာသည်။ ယင်းကာလ အတွင်း ယာဉ်မလုံလောက်ခြင်း၊ ယာဉ်နှင့် ယာဉ်လုပ်သားအချို့၏ လိုအပ်ချက် အားနည်းချက် တို့ကြောင့် ယာဉ်လိုင်းအများစုတွင် အဆင်မပြေခြင်းများ ခံစားခဲ့ရသည်။

ယခုလပိုင်းများတွင် ပြည်ပမှ ဝယ်ယူခဲ့သည့် ယာဉ်အသစ်ကြီးများ အရေအတွက် အားဖြင့် ထောင်ချီ ရောက်ရှိနေပြီး အချို့မှာ ယာဉ်လိုင်း အချို့တွင် စတင်ပြေးဆွဲ နေသည်ကို မြင်တွေ့လာရသည်။ အခြေအနေအမျိုးမျိုးကြောင့် ယာဉ်လိုင်း အများစုတွင် ကိုယ်ရကိုယ်ယူစနစ် ဆက်လက်ကျင့်သုံးနေရဆဲဖြစ်၍ ယာဉ်ပေါ် တွင် ယာဉ်အကူများ လိုက်ပါနေဆဲ အချို့ သော ယာဉ်အကူတို့ကြောင့် ယာဉ်အချို့ တွင် မလိုလားအပ်သော အဆင်မပြေ ခြင်းများကို ခရီးသည်များအနေဖြင့် ယာဉ်လိုင်းအချို့တွင် ကြုံတွေ့နေရဆဲဖြစ် နေသည်ဟု လိုင်းကားကို အားထားစီးနေ သည့် ကျောက်ရေတွင်း မရမ်းကုန်း (၅)ရပ်ကွက်နေ ဓာတ်ပုံဆိုင် ကြီးကြပ် တာဝန်ခံ ဦးဖိုးဇော်က ပြောသည်။

သက်ဆိုင်ရာမှလည်း လက်ရှိပြေးဆွဲ နေသည့် အနေအထားမှ ယာဉ်တိုင်းတွင် ခရီးသည် ကိုယ်တိုင်ကားခငွေထည့်ရသည့် ငွေထည့် သည့်ပုံးများ Cash Boxကို တပ်ဆင် ဆောင်ရွက်ရမည်ဟု ဇူလိုင် ၈ ရက်တွင် ပြုလုပ်သောYBS ယာဉ်လိုင်းများ အထူးအစည်းအဝေးတွင် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများ ထံမှ သိရသည်။

ယခုအခါ ဇူလိုင် ၂ဝ ရက်မှစ၍ ယာဉ်လိုင်းများတွင် ခရီးသည်များ ကားခငွေ ကိုယ်တိုင်ထည့်ရမည့် ငွေပုံးတပ်ဆင် အသုံးပြုခြင်းများနှင့်အတူ ကိုယ်ရ ကိုယ်ယူစနစ် ဖျက်သိမ်းခြင်း ကြုံတွေ့လာရမည်ဟုသိရသည်။ လပေါင်း အတန်ကြာ ကြုံတွေ့ နေရပြီးဖြစ်သော ငွေပုံးထဲသို့ ခရီးသည်ကိုယ်တိုင် ကားခထည့် ရမည့်အပေါ် ငွေအကြွေအခက်အခဲရှိသူ အရန်သင့်ပါမလာသူ အနည်းငယ်မှ လွဲ၍ အခက်အခဲမရှိနိုင်ပါ။ သို့သော်ခရီးသည်များ အပေါ် အဆင်မပြေခြင်းများဖြစ် ပေါ်စေသည့် ယာဉ်အကူအချို့အပါအဝင် အားလုံးကို ယာဉ်လိုင်းများတွင် မမြင်တွေ့ရမည့် ဇူလိုင် ၂ဝ ရက်၏ ခရီးသည်တင်ယာဉ် လိုင်းများပေါ်မှ မြင်ကွင်းများကိုလည်း ဇန်နဝါရီ ၁၆ ရက်ကဲ့သို့ ခရီးသည်များ သတိပြုစောင့်ကြည့် နေမည်။ ပြုပြင်ရမည့် လိုအပ်ချက်များကိုလည်း အပြုသဘော ဖြင့် ထောက်ပြကူညီရန်ရှိနေပါသည်ဟု ဘုရင့်နောင်ပွဲရုံဝင်းတွင် အလုပ်ဆင်းနေသူ မြောက်ဥက္ကလာပ (၂)ဈေးအနီးနေ ကိုထွန်းထွန်း၊ လမ်းမတော်တွင် အလုပ်ဆင်းနေသူ အင်းစိန် ဘိုကုန်းမှ ကိုဝင်း၊ တာမွေနေ ကိုနေဝင်းတို့က ပြောသည်။

လက်ရှိယာဉ်လိုင်းစနစ်သစ်တွင် ခရီးသည်များ ဇူလိုင် ၂ဝ ရက်မှစ၍ ကြုံတွေ့ရမည့် ကားခကောက်ခံသည့် ယာဉ်အကူ များ ယာဉ်အားလုံးတွင် မြင်တွေ့ရခြင်းမရှိမည့် ဒုတိယမြောက် အပြောင်းအလဲကို အောင်မြင်ရန် ဝိုင်းဝန်းကူညီသည့် စိတ်ထား များ မြင်တွေ့လာရဦးမည်ဟု ခရီးသည်များက ပြောသည်။

ယခုရက်ပိုင်း အမြင်အမျိုးမျိုးဖြင့် ပြောဆိုနေသကဲ့သို့ ဇူလိုင် ၂ဝ ရက်ဝန်းကျင် ယာဉ်အချို့ပေါ်တွင် ကားခငွေ မကောက်သော်လည်း ယာဉ်အကူအချို့ကို မြင်တွေ့ရသေး နိုင်သည်။ သတ်မှတ်ပေးထားသော စည်းကမ်းများ လိုက်နာမှု ရှိရေး ဖြေလျှော့မှုမပေးခြင်းများနှင့်အတူ အလေးထား ဆောင်ရွက်ပေးရန် လိုသည်။

အကောင်းဘက်မှရှုမြင်သူတစ်ဦးက မူလလက်ရှိယာဉ်လိုင်း စနစ်သစ်ကို ကုမ္ပဏီများအနေဖြင့် ရေတိုအကျိုးအမြတ်ရရှိရေး မမျှော်မှန်းဘဲ အများသွား လာရေး အဆင်ပြေစေသည့် ဝန်ဆောင်ခြင်းဖြစ်လာရန် အလေးထား လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ပြောဆိုသည်။ အောင်မြင်စွာ လုပ်ဆောင် နိုင်လာပါက ကိုယ်ပိုင်ကားဝယ်စီးခြင်းများ လျော့ကျလာပြီး အများပြည်သူသုံး လိုင်းကားများ ပြောင်းလဲစီးလာနိုင်သည်။ ကိုယ်ပိုင်ကား သုံးစွဲခြင်းနည်းလာခြင်းသည် ယာဉ်ရပ်ရန် နေရာ အခက်အခဲနှင့် ယာဉ်ပိတ်ဆို့ခြင်းဖြစ်စဉ်များ လျော့ကျလာစေ နိုင်သည်ဟု ပြောသည်။

ဇူလိုင် ၂ဝ ရက်တွင် ဇန်နဝါရီ ၁၆ ရက်ကဲ့သို့ ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်လိုင်းစီး၍ သွားလာနေသူများအနေဖြင့် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းကူညီရန်ရှိသည်ဟု ခရီးသည် အများစု ပြောဆိုသံများ ကြားနေရသည်။
MOI

No comments:

Post a Comment