Latest News

Saturday, July 22, 2017

ခိုးမှု၊ ပြည့်တန်ဆာမှု ကျူးလွန်သူများနှင့် တောင်ကိုရီးယား TV ဇာတ်လမ်းတွဲကြည့်ရှုသူများကို ကင်ဂျုံအန်း၏ လက်မရွံ့တပ်သားများက အများမြင်ကွင်းတွင် ကွပ်မျက်ဟုဆို

ခိုးမှု၊ ပြည့်တန်ဆာမှု ကျူးလွန်သူများနှင့် တောင်ကိုရီးယား TV ဇာတ်လမ်းတွဲကြည့်ရှုသူများကို ကင်ဂျုံအန်း၏ လက်မရွံ့တပ်သားများက အများမြင်ကွင်းတွင် ကွပ်မျက်ဟုဆို

မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်း၏ လက်မရွံ့တပ်သားများက ခိုးမှု၊ ပြည့်တန်ဆာမှုနှင့် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများကို ကြည့်ရှုသူများအား အများမြင်ကွင်းနှင့် စာသင်ကျောင်းကွင်း ပြင်များတွင် သေနတ်ဖြင့် ပစ်သတ်ကွပ်မျက်ကြောင်း တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံသူများက ဖွင့်ဟပြောသည်။

သေနတ်ဖြင့် ပစ်သတ်ကွပ်မျက်ရန် မထိုက်တန်ဟု ယူဆသူများအပေါ် စစ်သားများက သေသည်အထိ ရိုက်နှက်အပြစ်ပေးခြင်းများလည်းရှိကြောင်း ၎င်းတို့က ပြောသည်။

ထိုသို့အပြစ်ပေးရာတွင် လူစည်ကား ရာဈေးများနှင့် မြစ်ကမ်းနဖူးများတွင် လုပ်ဆောင်လေ့ရှိကြောင်း ဆိုးလ်မြို့အခြေစိုက် The Transitional Justice Working Group က ပြောသည်။ အဆိုပါ NGO အဖွဲ့က ပြီးခဲ့သည့်နှစ်နှစ်အတွင်း မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာသူ ၃၇၅ ဦးနှင့် တွေ့ဆုံမေးမြန်း၍ ရရှိခဲ့သည့် အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာတစောင်ထုတ်ပြန်ရာ မြောက်ကိုရီးယားအစိုးရက ဆန်ခိုးမှု၊ ကြေးနီခိုးမှု အစရှိသည့် ပြစ်မှုငယ်ကျူးလွန်သူများအား လည်း တရားလက်လွတ် အပြစ်ပေးစီရင်ကြောင်း ဖော်ပြပါရှိသည်။ ၎င်းအဖွဲ့တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ သုတေသီများ ပါဝင်ပြီး အမေရိကန် အခြေစိုက်  National Endowment for Democracy  က ငွေကြေးထောက်ပံ့သည်။ ၎င်းတို့၏ အစီရင်ခံစာတွင် မြောက်ကိုရီးယားအာဏာပိုင်များက အများပြည်သူရှေ့၌ ကွပ်မျက်စီရင်သည့် သတ်ကွင်း နေရာများကို စာရင်းပြုစုထားပြီး ၎င်းတို့၏ အဆိုအရ ''လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ချိုးဖောက်ခြင်း''ကို ကျူးလွန်သူများအား အပြစ်ပေးအရေးယူရန် ရည်ရွယ်သည်ဟု ဆိုသည်။

မြေပုံများနှင့် ထွက်ပြေးလွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များကို ထောက်ရှုခြင်းအားဖြင့် မြောက်ကိုရီးယားတွင် ဆယ်စုနှစ်နှင့်ချီ၍ ကျူးလွန်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှု အတိုင်းအတာ ပမာဏကို မှန်းဆနိုင်မည်ဟု ၎င်းအဖွဲ့က ဆိုသည်။

မြောက်ကိုရီးယားအစိုးရကမူ အဆိုပါ စွပ်စွဲချက်များအား ငြင်းပယ်ပြီး ၎င်းတို့၏ နိုင်ငံသားများသည် အခြေခံ ဥပဒေကပေးထားသည့် အကာအကွယ်ကို အပြည့်အ၀ရရှိနေကြောင်း အမေရိကန်သည်သာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံဖြစ်ကြောင်း ပြောသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက မြောက်ကိုရီးယားအစိုးရနှင့် ခေါင်းဆောင် ကင်ဂျုံအန်းအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး၌ စစ်ဆေးအရေးယူနိုင်ရန် ကုလလုံခြုံရေးကောင်စီသို့ တိုက်တွန်းခဲ့သည်မှာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်သည်။

News Watch

No comments:

Post a Comment