Latest News

Saturday, July 1, 2017

KBZ Bank Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲများ ယနေ့ကျင်းပမည်

KBZ  Bank  Cup   ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲများ ယနေ့ကျင်းပမည်

ရန်ကုန်  ဇူလိုင်  ၁

KBZ  Bank  Cup  လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဇူလိုင် ၂ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာ အသင်းသည် ချန်ပီယံဆုရယူနိုင်ရန် ဂျပန်တက္ကသိုလ်အသင်းကို အနိုင် ကစားရမည်ဖြစ်သည်။  အုပ်စုနောက်ဆုံးပွဲများအဖြစ် ယနေ့ ညနေ ၃ နာရီ တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အိမ်ရှင်မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းသည် အုပ်စု ဒုတိယပွဲအပြီးတွင် ခြောက်မှတ်စီရရှိထားသောကြောင့် အုပ်စုနောက်ဆုံးပွဲ မှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် အသင်းများ အမှတ်တူနေပါက ဂိုးကွာခြားချက် စည်းမျဉ်းဖြင့် ဆုံးဖြတ်မည် ဖြစ်ရာ ဂိုးကွာခြားချက်နည်းနေသည့် မြန်မာအသင်းသည် သရေကျ၍ မရ တော့ဘဲ နိုင်ပွဲရယူနိုင်မှသာ ချန်ပီယံဆုရယူနိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုပွဲများတွင် ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို လေးဂိုး-တစ်ဂိုး၊ ဟောင်ကောင် ယူ-၂၂ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျပန်တက္ကသိုလ်အသင်းမှာမူ ဟောင်ကောင် ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို  ငါးဂိုး-တစ်ဂိုးဖြင့်  အနိုင်ရထားသည်။ ဟောင်ကောင်နှင့် ကမ္ဘောဒီးယားအသင်းတို့မှာ အမှတ်မရ သေးသောကြောင့် ချန်ပီယံဆုမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီး ဂုဏ်သိက္ခာပိုင်းအတွက်သာ ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲအပြီး တွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပထမဆုရအသင်းအား ဒေါ်လာ ၁ဝဝဝဝနှင့် ချန်ပီယံဆုဖလား၊ ဒုတိယဆုရ အသင်းအား ဒေါ်လာ ၅ဝဝဝ ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုနှင့် သွင်းဂိုး အများဆုံးဆုတို့လည်း ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုကို ချန်ပီယံဆုရအသင်းမှ အဓိကကစားသမားတစ်ဦးရဖွယ်ရှိနေပြီး သွင်းဂိုးအများဆုံးဆုကိုမူ သုံးဂိုးသွင်းထားသည့် မြန်မာအသင်းတိုက်စစ်မှူး အောင်သူက ရေပန်းစားလျက်ရှိသည်။ ယင်းနောက်တွင် မောင်မောင်လွင် (မြန်မာ)နှင့် တာကာဟရှိ (ဂျပန်တက္ကသိုလ်) တို့ နှစ်ဂိုးစီဖြင့် ရပ်တည် လျက်ရှိသည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်(မြန်မာ့အလင်း)

No comments:

Post a Comment