Latest News

Sunday, July 30, 2017

ရာသီတုပ်ကွေး H1N1 လူနာ ၄၈ ဦး ရှိလာ

ရာသီတုပ်ကွေး H1N1 လူနာ ၄၈ ဦး ရှိလာ

ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၉နာရီအထိ ရာသီတုပ် ကွေးရောဂါ Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း (၄၈) ဦး ရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင်   ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ယင်းသို့ ၄၈ ဦးအထိ ရှိလာကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနာစုစုပေါင်း(၄၁)ဦး ရှိခဲ့ပြီး ယနေ့မနက်ပိုင်းတွင် အတည်ပြုလူနာ ၇ ဦးထပ်တိုးလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၄၈ဦးမှာ ရန်ကုန်တွင် ၁၆ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၁၂ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး ၊ပဲခူးတွင် ၅ ဦး၊ နေပြည်တော် ၃ ဦး၊ တနင်္သာရီ ၁ ဦး တို့ ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ၊ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်အထိ သံသယရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ယနေ့ သေဆုံးသူ ၉ ယောက် ဖြစ်လာသည်။

လက်ရှိတွင် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသည် အဖြေတိကျမှန်ကန်စေရန် (External Quality Assurance) အတွက် ဟောင်ကောင်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တုပ်ကွေးရောဂါဆိုင်ရာ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ဓါတ်ခွဲခန်းနှင့် ကာကွယ်ဆေးထုတ်သည့်အခါ ပိုးအမျိုးအစား၏ ဇီဝဖွဲ့စည်းပုံအသေးစိတ်ကို သိရှိနိုင်ရန် ဂျပန်နိုင်ငံရှိ National Institute of Infectious Diseases - WHO collaborating centre သို့ ပိုးနမူနာများပေးပို့ ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စတင်သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ ၇ ရက်အတွင်း H1N1 လူနာ ၄၈ ဦး ဖြစ်လာခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment