Latest News

Saturday, July 29, 2017

ပုသိမ်မြို့ရှိ H1N1 သံသယရှိသူ (၄) ဦး ဆေးစစ်ချက် အတည်ပြု အဖြေထွက်ရှိ

ပုသိမ်မြို့ရှိ H1N1 သံသယရှိသူ (၄) ဦး ဆေးစစ်ချက် အတည်ပြု အဖြေထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် H1N1 သံသယရှိသူ (၄) ဦး၏ ဆေးစစ်ချက် အဖြေမှာ ဖြစ်ပွားမှု အတည်ပြုခဲ့ကြောင်း ယနေ့ (ဇူလိုင်လ ၂၉ ရက်) က  ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ သတင်းရရှိသည်။

H1N1 သံသယရှိသူ (၄) ဦးအား ဇူလိုင်လ (၂၆) ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်းတို့အား သီးခြားနေရာတစ်ခုတွင် စောင့်ကြည့်ကုသလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားသွေးစစ်ဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ H1N1 ရောဂါပိုးတွေ့ရှိ အတည်ပြုခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးထံမှ သိရသည်။

“စစ်ဆေးချက်ကတော့ အတည်ဖြစ်ပါတယ်။ ကလေးတွေ သက်သာနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကို မတက်ပါဘူး။ ဒီမှာစောင့်ကြည့် ကြပ်မတ်ပြီး ကုသပေးနေပါတယ်။ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး။ စဖြစ်ကတည်းက စိုးရိမ်ရတဲ့ အနေအထား မရှိတာပါ။ ဖျားတာပဲ ရှိတာပါ” ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

အဆိုပါ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို သီးသန့်ထားရှိ ကုသရာ နေရာတွင် ဆက်လက်ကုသလျက်ရှိပြီး ဖြစ်ပွားသူများမှာ ရေကြည်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးဌာနမှ ဇူလိုင်လ (၃၁)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment