Latest News

Tuesday, July 25, 2017

H1N1 လူနာ ၂ ဦး ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်

H1N1 လူနာ ၂ ဦး ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုလာရောက်ခံယူသူ လူနာ ၂ ဦး ယနေ့ ဇူလိုင် ၂၅ တွင် ကွယ်လွန်သွားကြောင်း၊ ၎င်း ၂ ဦးမှာ ဆေးရုံသို့ ထပ်မံရောက်ရှိလာသည့် လူနာများဖြစ်ပြီး ကုသမှုခံယူနေဆဲ လူနာ ၃ ဦးထဲမှ မဟုတ်ကြောင်း သတင်းရသည်။

"ရန်ကုန်ဆေးရုံကြီးမှာကုသနေတဲ့ လူနာ ၂ ယောက် မဟုတ်ဘူး။ နောက်ရောက်လာတဲ့ အထဲက ၂ ယောက်ပါ။ ဆုံးပြီးတော့မှ ပြန်စစ်ကြည့်လိုက်တော့ (H1N1) positive ဖြစ်နေတာ''ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက News Watch သို့ ဇူလိုင် ၂၅ ရက် နေ့လယ် ၂ နာရီတွင် ပြောသည်။


အဆိုပါသေဆုံးသူနှစ်ဦးမှာ ရာသီတုတ်ကွေးလက္ခဏာပေါ်ပေါက်သည့်အတွက် လာရောက် ကုသသည်မှာ ရက်ပိုင်းသာရှိသေးပြီး ဇူလိုင် ၂၅ တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ သေဆုံးသူ ၂ ဦးမှာ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားတဦးနှင့် အခြားဒေသမှ(နေရပ်မပြောပြနိုင်သေး)
အမျိုးသမီးတဦးတို့ဖြစ်ပြီး လူငယ်ပိုင်းအရွယ်များဖြစ်ကြောင်း ဒေါက်တာ အေးကိုကိုက ပြောသည်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ကုသပေးနေသော H1N1 ဝေးဒနာရှင် ၃ ဦး ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။

ရန်ကုန် ဆေးရုံကြီးတွင် H1N1 ဖြင့် ကုသမှုခံယူနေသူ ၂ ဦးမှာ မြောက်ဥက္ကလာပမြို့နယ်နေ စာဖိုးမှူးအဖြစ်လုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် ဦးစိုးနိုင်နှင့် ဧရာဝတီတိုင်း အသုတ်မြို့နယ်နေ အသက် ၃၅ နှစ်အရွယ် မဖြိုးဖြိုးသွင်တို့ဖြစ်သည်။ မဖြိုးဖြိုးသွင်မှာ ဇူလိုင် ၆ ရက်နေ့မှစ၍ နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်းလက္ခဏာများခံစားခဲ့ရပြီး ဇူလိုင် ၁၉ တွင် ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှုခက်ခဲခြင်းတို့ ခံစားရသောကြောင့် ပုသိမ် အထွေထွေရောဂါဆေးရုံမှတဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရာ လူနာအခြေအနေမှာစိုးရိမ်ရသည့်အတွက် အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိကြောင်း သိရသည်။

ဦးစိုးနိုင်မှာ ဇူလိုင် ၈ ရက်နေ့မှစ၍ နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်းလက္ခဏာများခံစားခဲ့ရပြီး ဇူလိုင် ၁၅ တွင် ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှုခက်ခဲခြင်းလက္ခဏာများကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပြီး ကုသမှုခံယူနေခြင်းဖြစ်သည်။

ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသူ ၁ ဦးမှာ ပျဉ်းမနား ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ (၂၂) နှစ်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment