Latest News

Sunday, July 30, 2017

H1N1 သမိုင်းတစ်စ လူထုတာဝန်နှင့် လူထုအားဖြင့် တွန်းလှန်နိုင် မည့် နည်းလမ်းကောင်းများ

H1N1 သမိုင်းတစ်စ လူထုတာဝန်နှင့် လူထုအားဖြင့် တွန်းလှန်နိုင်
မည့် နည်းလမ်းကောင်းများ


ကျော်စိုးဦး(မန္တလေး)

ဘယ်နေရာသွားသွား မလုံခြုံ စိတ်မချရဘူးလို့ ခံစား နေရတဲ့ ကျွန်တော်တို့သောကတွေအတွက် ဘယ်သူ့ကိုမှ အပြစ်မမြင်ကြဖို့ပါပဲ စာချစ်သူ။ ဘာလို့လဲ။ လူသား သတ္တဝါ ပတ်ဝန်းကျင်ရှိနေသမျှ ကပ်ရောဂါဆိုတာ ရှိနေ မှာပါပဲ။ သတင်းမှားတွေလွှင့်၊ တစ်ဦးနဲ့တစ်ဦး အပြစ်မြင် နေမည့်အစား စည်းလုံးမှုနဲ့ ဒီကပ်ရောဂါဆိုးကို တာဝန်ရှိ သူတွေနဲ့အတူ လက်တွဲကာကွယ်ပြီး ဖြစ်လာလျှင်လည်း အတူရင်ဆိုင်ကာ ကျွန်တော်တို့ကူညီနိုင်တာ ကူညီရင်း ဝိုင်းဝန်းလုပ်ဆောင်ကြဖို့သာ နိုင်ငံသားကောင်း တစ်ယောက်တာဝန်မဟုတ်ပါလား။

အခုကျွန်တော်တို့တစ်တွေ ပြောပြောနေကြတဲ့ H1N1 (Hacmagglutinin Neuraminidase)ဟာ အခုမှစတင် အခြေတည်ခဲ့တာမဟုတ်ပါဘူး။ H1N1 ကို ကမ္ဘာ့ပျံ့နှံ့ ကူးစက်လွယ်ရောဂါဆိုး၊ ကမ္ဘာအနှံ့ဖြစ်ပွားတတ်တဲ့ ရောဂါတစ်ခုလို့ ၁၉၁၈ ခုနှစ်ကတည်းက သုတေသနတွေ ပြုလုပ်ကာ အသိအမှတ်ပြုနိုင်ခဲ့တာပါ။ ၂ဝဝ၉ ခုနှစ်မှာ ဒီရောဂါဆိုးကြောင့် အခြေအနေဆိုးရွားလာတဲ့အတွက် သူ့ကို ပညာရှင်တွေအသိုင်းအဝိုင်း၊ လူမှုအသိုင်းအဝိုင်းမှာ H1N1 2009၊ တစ်နည်းအားဖြင့် Seasonal Influenza A(H1N1)2009)လို့ အမည်ပေးခဲ့ကြပါတယ်။Influenza A(H1N1) ဗိုင်းရပ်(စ်)ဟာ စပိန်ငှက်ဖျားရောဂါပိုး တစ်မျိုးလို ၁၉၁၈ ခုနှစ်မှာ လူသိများခဲ့တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးနဲ့ နှီးနွှယ်နေပြန်ပါတယ်။

အချို့သောH1N1ဗိုင်းရပ်(စ်)က သွေးဆဲလ်များမှ တစ်ဆင့် ရောဂါရှိသော တစ်သျှူးဆဲလ်များမှာ အတူ ချည်နှောင်ကာ ခန္ဓာကိုယ်မှလက်ခံထားတဲ့ တစ်သျှူးဆဲလ် များမှတစ်ဆင့်ကူးစက်ကာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အဖုအပိန့်လေးတွေ ထွက်လာတတ်ပါတယ်။ တချို့သောH1N1ဗိုင်းရပ်(စ်)တွေကျတော့ လူစုလူဝေးများ အတွင်းမှသည် ဖြစ်လာတတ်ပါတယ်။ လူစုလူဝေးများ တင်လား၊ ဒီလိုလည်းမဟုတ်သေးဘဲ ၂ဝဝ၄-၂ဝဝ၅ ခုနှစ် မှာ ငှက်တွေ၊ ဝက်တွေ၊ ကြက်တွေအချို့မှာပါ ကူးစက်လာ ပါတယ်။ အဓိကကတော့ ကိုယ်ခံအားမကောင်းသူတွေ၊ အာဟာရမျှတစွာမစားသူတွေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်း ကျင်မကောင်းတဲ့နေရာ၊ လူ၊ တိရစ္ဆာန်တွေအားလုံးမှာ ကူးစက်တတ်ပါတယ်။

ဒီ H1N1 ရောဂါဆိုးကို ကမ္ဘာအနှံ့မှာ ဖြစ်ပွားတတ် တဲ့ ကူးစက်ရောဂါတစ်မျိုးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ၂ဝဝ၉ ခုနှစ်မှာ ထပ်မံကြေညာကာ ကာကွယ် တုံ့ပြန်မှုတွေလုပ်ခဲ့ပါတယ်။ ဒီ H1N1 ကြောင့် ၂ဝ၁ဝ ခုနှစ် မှစတင်ပြီး ကမ္ဘာပေါ်မှာ လူပေါင်း ၁၇ဝဝဝ ခန့် သေဆုံးခဲ့ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုခဲ့ပါတယ်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လမှစတင်ကာH1N1 ကို ကမ္ဘာအနှံ့ဖြစ်တတ်သော ရာသီတုပ်ကွေးရောဂါအဖြစ် အသိအမှတ်ပြုပြီး ကြိုတင်ကာကွယ်မည့်နည်းလမ်းတွေ၊ တုံ့ပြန်ဆောင်ရွက်နိုင်မည့်အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ ကို ဆောင်ရွက်ခဲ့ဖူးပါတယ်။

ကမ္ဘာအနှံ့ဖြစ်တတ်တဲ့ 2009 A(H1N1)ဟာ ၂ဝ၁၅ ခုနှစ် မတ်လမှာ အိန္ဒိယနိုင်ငံGujarat နဲ့ Rajasthan တွေမှာ အဆိုးရွားဆုံးသက်ရောက်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ တုပ်ကွေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်း၊ တစ်နည်း အမှုပေါင်း ၉၃၇ ခုမှာ သေဆုံးသူ ၂၁၈ ဦးအထိရှိကြောင်း ၂ဝ၁၅ ခုနှစ် အိန္ဒိယ အစီရင်ခံစာတစ်စောင်အရ ဖော်ပြထားပြန်ပါတယ်။ ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှာတော့ လူဦးရေ ၂ဝဝဝ ကျော် နီးပါး ဒီရောဂါကြောင့် သေဆုံးနိုင်တယ်လို့ဆိုပါတယ်။

H1N1 ဗိုင်းရပ်(စ်)ဟာ ၂ဝဝ၉ ခုနှစ်မှာ အိန္ဒိယမှာ ဖြစ်ပွားပြီး ကမ္ဘာအနှံ့ဖြစ်ပွားတတ်တဲ့ ရာသီတုပ်ကွေး ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ၉၈၁ ဦး၊ ၂ဝ၁ဝ ခုနှစ်မှာ ၁၇၆၃ ဦး၊ ၂ဝ၁၁ ခုနှစ်မှာ လျော့နည်းလာပြီး ၇၅ ဦးအထိ သေဆုံးခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ ၄ဝ၅ ဦးကိုလည်း ကောင်း ၂ဝ၁၃ ခုနှစ်မှာ ၆၉၉ ဦးကိုလည်းကောင်း အသက် ဆက်လက်ရှင်သန်စေခဲ့ပြန်ပါတယ်။

ဒီ H1N1 ဗိုင်းရပ်(စ်)ဟာ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းသူတွေ၊ ခုခံအားကျဆင်းသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊ အိပ်ရေးပျက်များလွန်းသူတွေတင်မက ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကူးစက်ခံရမှုအလွယ်ဆုံးနဲ့ အမြန်ဆုံးလို့လည်း နိုင်ငံတကာပညာရှင်တို့က online စာမျက်နှာတွေမှာ ရေးသားထားပြန်ပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေဟာ သူတို့ရဲ့ hormonal changes (ဟော်မုန်းဓာတ်)တွေ ပြောင်းလဲမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ သူတို့ရဲ့ကိုယ်ခံအားစနစ်ပြောင်းလဲမှုတွေ ကြောင့် အဲဒီအခြေအနေတွေမှာ ကူးစက်ခံရနိုင်ပြီး ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒီစိန်ခေါ် မှုတွေကိုသိပြီး စိတ်ညစ်နေ၊ စိုးရိမ်နေဖို့မဟုတ်၊ ရင်ဆိုင်နိုင် မယ့်နည်းလမ်းကို ရှာဖွေနိုင်ဖို့ပဲလို့လည်း ဆိုပါတယ်။ မိုးရာသီ၊ မိုးအကုန် ဆောင်းအကူးကာလတွေမှာဖြစ်တတ်တဲ့ H1N1 ဟာ လေထဲမှတစ်ဆင့် ကူးစက်လွယ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးကြောင့်ဖြစ်ပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ခံ အားကျနေသူတွေ၊ အလွန်အမင်းအိပ်ရေးပျက်သူတွေမှာ ကူးစက်တတ်လေ့ရှိပြီး ကူးစက်ခံရပြီဆိုတာနဲ့ ကိုယ်လက် ကိုက်ခဲ မအီမသာဖြစ်ကာ ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ နုံးနေပြီး ချွေးပျံနေတတ်ပါတယ်။ H1N1 ရဲ့ သမိုင်းတစ်စကို ကျွန်တော်ဒီမှာတင် ခဏထားခဲ့ချင်ပါ တယ်။ လိုအပ်မယ်ထင်ရင် နောက်ထပ်ရှာဖွေကာ ဆက်လက်ဘာသာပြန်ဆိုပေးပါ့မယ် စာချစ်သူ။ တုံ့ပြန်ဖို့ နည်းလမ်းတွေကို ပြောချင်လို့ပါ။

ဒါဆို ကျွန်တော်တို့ ဘာကိုစိုးရိမ်ကြမှာလဲ။ ရင်ဆိုင်ဖို့ နည်းလမ်းကို လူထုအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် တွန်းလှန်နိုင်ရုံသာရှိတော့သည်။ နိုင်ငံတကာဝက်ဘ်ဆိုက် အသီးသီးမှာဖော်ပြထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့နည်းလမ်းကောင်းလေးတွေရယ်၊ ကျွန်တော်တို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ဒီ H1N1 ဗိုင်းရပ်(စ်)ကို ခုခံတွန်းလှန်နိုင်မည့်နည်းလမ်းတွေကို အနှစ်ချုပ်ကြည့်ကြမည်ဆိုလျှင်
(၁) တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ပိုမိုဂရုပြုဖို့၊
(၂) ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးပြုဖို့၊
(၃) Mask(နှာခေါင်းစည်းတွေ စနစ်တကျသုံးဖို့)၊ ဒီအချက်သုံးချက်ကိုသာ တွေ့ကြရမှာပါ။ ဒီအချက်သုံးချက် ကိုသာ လူထုအားလုံး ပူးပေါင်းပြီး ကိုယ်စီတာဝန်ယူကြရင် ဒီH1N1
 ဗိုင်းရပ်(စ်)ကြောင့်ဖြစ်မယ့် ရာသီတုပ်ကွေး ရောဂါဆိုးကြီး ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ကမ္ဘာကနေ
 လွင့်ပျောက်သွားမှာပါ။

(၁) တစ်ကိုယ်ရေသန့်ရှင်းရေး(Personal Cleaning)
ကူးစက်ရောဂါတော်တော်များများဟာ၊ ကူးစက်ခံရသူ တော်တော်များများဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်း သူတွေ သို့တည်းမဟုတ် တစ်ခါတစ်ရံ မေ့လျော့သွားသူ တွေမှာ အဖြစ်များပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးဝက်ဘ်ဆိုက် အသီးသီးမှာဖော်ပြထားပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုတာ ကိုယ်ကိုယ်တိုင်စနစ်တကျ သန့်ရှင်းနေဖို့လိုအပ်ပြီး မသန့်ရှင်းတဲ့အရာကိုလည်း ကိုယ်ကိုယ်တိုင်သတိဖြင့် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဥပမာ မိမိကတော့ အမြဲ သန့်ရှင်းတယ်။ ဒါပေမယ့် မိမိအသုံးပြုမည့် အရာဝတ္ထု တစ်ခုခုကို နမော်နမဲ့ကိုင်တွယ်မိလိုက်တယ်။ အဲဒီပစ္စည်း မှာ ညစ်ပတ်နေတဲ့ အရာတစ်ခု သို့မဟုတ် ဗိုင်းရပ်(စ်)တွေ ကပ်နေမယ်ဆိုရင် သင့်အရေပြားမှတစ်ဆင့် ကူးနိုင်ပါ ပြီ။ တစ်နည်း ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်(စ်)ဆိုလျှင်လည်း လေထဲမှ ကူးနိုင်ပါပြီ။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုသာ မိမိ မျိုးဆက်၊ မိမိကိုယ်တိုင်၊ ပတ်ဝန်းကျင် ထိုမှအားလုံး ပိုမိုဂရုပြုကြမည်ဆိုလျှင် ဒီရောဂါဆိုးမှကင်းလွတ်မည်ပင်။Influenza A(H1N1) ဘယ်လိုကာကွယ်မလဲလို့ ညွှန်ကြား ချက်ကို လေ့လာမိရင် (က) နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်၊ နှာခေါင်းတို့အား အုပ်၍ဆိုးပါ။ (ခ) သုံးပြီးသား တစ်သျှူးများကို စနစ်တကျစွန့်ပါ။ (ဂ) လက်ကို မကြာခဏ
စနစ်တကျဆေးကြောပါ။

(ဃ) မသန့်ရှင်းသောလက်ဖြင့် နှာခေါင်း၊ ပါးစပ်တို့အား မကိုင်ပါနှင့် စတဲ့ဒီအချက်တွေ အားလုံးကို အနှစ်ချုပ်ကြည့်ရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဆိုလိုခြင်းပါပဲ စာချစ်သူ။

(၂) ပတ်ဝန်းကျင်သန့်ရှင်းရေး(Surrounding Cleaning)
ကူးစက်စေနိုင်တဲ့ ပျံ့နှံ့စေတဲ့ရောဂါတွေ လျင်မြန်စွာ ကူးစက်ခြင်းရဲ့ ဒုတိယတရားခံဟာ ပတ်ဝန်းကျင်သန့်ရှင်း ရေးမကောင်းမှုကြောင့်ပါပဲလို့လည်း နိုင်ငံတကာပညာ ရှင်တို့က ဆိုကြပြန်ပါတယ် စာချစ်သူ။ ပတ်ဝန်းကျင် မသန့်ရှင်းလျှင် ခြင်၊ ယင် ပေါမယ်။ ခြင်၊ ယင်တွေဟာ ရောဂါတွေကို သယ်ဆောင်ပေးသူလို့ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းမှာဆိုထားပါတယ်။ ခြင်၊ ယင် တွေကမှတစ်ဆင့် အစားအစာတွေနားမယ်၊ ထိုမှ လူကို ခြင်၊ ယင်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကူးမယ်။ ဒါတွေက အချိန်အတိုင်းအတာ ဖြစ်စဉ်တစ်ခုအထိ စောင့်ဆိုင်း နိုင်ပါတယ်။ အခုH1N1 ဗိုင်းရပ်(စ်)ကတော့ အချိန်တို အတွင်း ရောက်လာနိုင်ပါတယ်။ ဗိုင်းရပ်(စ်)ဆိုတာ အညစ် အကြေး၊ ညစ်ညမ်းနေရာမှာ ပျော်တာများပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးသာ သန့်ရှင်းနေမယ်ဆိုရင် ဗိုင်းရပ်(စ်)ဆိုတာ နေစရာရှိမည် မထင်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စနစ်တကျဝိုင်းဝန်း သန့်ရှင်းကြမယ်ဆိုရင် ဒီရောဂါဘေးမှ လွတ်မြောက်သွား မှာပါ စာချစ်သူ။Influenza A(H1N1) ဘယ်လိုကာကွယ် မလဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားလွှာလေးကို ဆက်လက်လေ့လာကြည့်လျှင် (က) တုပ်ကွေးဖြစ်ပွားပါက အိမ်တွင်နေပါတဲ့၊ ဘာလို့လဲ၊ သူအပြင်သွားရင် အခြားသူ တွေအတွက် ရောဂါပိုးပျံ့နှံ့မှုအများဆုံးမို့ အိမ်မှာ အနားယူ ခိုင်းတာပါ။

(ခ) တုပ်ကွေးရောဂါဖြစ်ပေါ်ပါက အခြားသူ များနှင့် တစ်မီတာခန့်အကွာတွင် နေပါ။ (ဂ) ပွေ့ဖက် နမ်းရှုံ့ခြင်းကိုမပြုရ၊ အနေနီးရင် ကူးတတ်လို့ပါ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)ရဲ့ Influenza A(H1N1) ဘယ်လိုကာကွယ်မလဲ နည်းလမ်းကောင်းလေးတွေကို အနှစ်ချုပ်ကြည့်လိုက်မည်ဆိုပါလျှင် အခုကျွန်တော် ဆွေးနွေးခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုဟာ အဓိကဆိုတာ လူထုနားလည်နိုင်ပြီ ဖြစ်ပါတယ်။
(၃) Maskနှာခေါင်းစည်းတွေစနစ်တကျတပ်ဆင်ပါ။ကိုယ်ခံအားမကျအောင်နေပါ။

အထက်က အချက်နှစ်ချက်သာ လူထုအားလုံး လိုက်နာကြရင် ရောဂါရှိတဲ့၊ ကုသနေတဲ့ပတ်ဝန်းကျင် နေရာမှလွဲပြီး ဒီ Mask တွေမတပ်လည်း စိုးရိမ်ဖို့မလိုပါဘူး။ ဘာလို့လဲ၊ သွားလေရာ ဒီ (Mask) နှာခေါင်းစည်းတွေနဲ့ တပ်နေကြမှာလား၊ တပ်တော့ရော မဖြစ်တော့ဘူးလား၊N95 Mask နှာခေါင်းစည်းက အကောင်းဆုံးဆိုပါလျှင် ဒီနှာခေါင်းစည်းကို သင် အမြဲတပ်ထားနိုင်ပါ့မလား။ N95 နှာခေါင်းစည်းကို ကူးစက်ပိုးပြင်းထန်တဲ့လူနာတွေ ကုသတဲ့အချိန်မှာ နိုင်ငံတကာမှာရှိတဲ့ အထူးကုဆရာဝန် ကြီးတွေ တပ်လေ့ရှိပါတယ်။ ဘာလို့လဲ။ ဒီ Maskကို မတပ်ခင် သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးသန့်စင်ခန်းမှာ အရင်လုပ်ကြပါတယ်။ ပြီးမှN95 ကိုတပ်ဆင်ကာ အဆင်သင့်ဖြစ်မှ ခွဲစိတ်ခန်း၊ လူနာအခန်းတွေဆီ ဝင်ကြ ပါတယ်။ ဒီနှာခေါင်းစည်းဟာ အချိန် ၁၅ မိနစ်နေရင် တစ်ခါဖြုတ်ရပါတယ်။ ဘာလို့လဲ။ ပူလာတတ်ပါတယ်။တစ်ရက်ကို သုံးကြိမ်ပြန်သုံးပြီး အသစ်လဲကြပါတယ်။ ကဲ ကျွန်တော်တို့ အဲဒီလိုလိုက်နာနိုင်ပါ့မလား။ လိုက်နာမယ် ဆိုဦးတော့N95 ရဲ့ဈေးနှုန်းနဲ့ သာမန်လူတွေတပ်ဖို့ မလွယ်ပါဘူး။ ဒါမြို့ပြအနေနဲ့ စဉ်းစားတာပါ။ ကျေးလက် မှာဆိုရင်ကော။ လူတော်တော်များများက ယူဆကြပါ တယ်။ သွားလေရာ Mask တပ်မှH1N1 လွတ်မြောက် နိုင်မှာလိုလို။ ပြီးတော့N 95 ကို ကိုင်တွယ်ဖို့ နည်းစနစ် ကော သိပြီးပြီလား။

ရန်ကုန်နဲ့ တချို့မြို့တွေမှာ ဒီရောဂါကာကွယ်ဖို့ဆိုပြီးMask တွေ ဝေတာတွေ့ရတော့ ကိုင်တွယ်မှုစနစ်ကို ပြောပြချင်မိတယ်။ံ H1N1 ဆိုတာ လေထဲကနေ ပျံ့နှံ့နေ တဲ့ရောဂါပိုးမို့ စာချစ်သူကကုသိုလ်လုပ်ဖို့Maskတစ်ခုကို ထုတ်လိုက်ပြီ၊ လူတစ်ယောက်ကလည်း ယူလိုက်ပြီ၊ ပေးချိန် ယူချိန်ဟာ နှစ်မိနစ်ခန့်ကြာနိုင်ပါတယ်။ ဗိုင်းရပ်(စ်)သုတေ သနတစ်ခုအရ လေထဲမှာ တစ်စက္ကန့်အတွင်းမှာပင် ဗိုင်းရပ်(စ်) ငါးသန်းခန့်ပျံ့နှံ့နိုင်တယ်လို့ဆိုကြတယ်။ ကဲ ဝေနေတဲ့ ကြာချိန်လေးမှာ စဉ်းစားကြည့်။ ဝေတဲ့ပုံ တချို့ ကြည့်တော့ Plane ပဲနော် စာချစ်သူ။ ဆိုလိုတာက တန်ဖိုး နည်း Maskပါကင်ကိုဖြဲပြီး အိတ်ကိုပစ်လိုက်တယ်။ ပြီးမှ လက်တစ်ဖက်က တစ်ခုချင်းခွာပေးတယ်။ ဒါဆို လက်ခံ သူက ထားပါဦး၊ ဖြန့်ဝေကုသိုလ်ယူသူရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး(Personal Cleaning) ဟာ အရေးကြီးလာ ပြန်ပါပြီ။ နေပူမိုးရွာထဲ သူ့ရဲ့ခန္ဓာကိုယ်က အညစ်အကြေး သို့မဟုတ် ပိုးမွှား၊ ဝေလိုက်တဲ့ Mask မှာ ကပ်ငြိမသွားနိုင် ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ဖြစ်သင့်သည်က ပါကင် လိုက်အိတ်ကို ဟရုံဟထား၊ မိမိပေးချင်တဲ့သူအနီးဆုံး ရောက်အောင်သွား၊ လက်ခံသူကိုလည်း အသင့်ပြင်ခိုင်း၊ နှစ်ဖက်အသင့်ဖြစ်မှ Mask ရဲ့ ကြိုးသားတစ်နေရာ သို့မဟုတ် ထောင့်စွန်းတစ်နေရာကနေ သေချာကိုင်ပြီး ဖြန့်ဝေ၊ လက်ခံသူကလည်း ထောင့်စွန်းတစ်နေရာမှာပဲ ကိုင်၊Mask ရဲ့မျက်နှာပြင်ကို လက်နဲ့ ယောင်လို့တောင် မထိနဲ့ပေါ့ဗျာ။ ဒါက သိပ်ကို အသေးစိတ်တဲ့Distribution Plan တွေပါပဲ။ ဒါကြောင့် သိထား၊ ကာကွယ်ထားဖို့ လိုအပ်လှပြီး နေရာတကာ Mask တွေတပ်ဖို့တော့ မလိုလောက်ဘူးလို့တော့ထင်ပါတယ်။ ဒါက ကျွန်တော်နဲ့ နိုင်ငံတကာက မိတ်ဆွေအချို့ရဲံ့၁ြ၁ အကြောင်း ဆွေးနွေးခဲ့တဲ့အယူအဆပါ။ တပ်မယ်ဆိုရင်လည်း စနစ်တကျ လိုအပ်တဲ့နေရာဒေသတွေမှာ တပ်ကြဖို့ပါပဲ။ကိုယ်ခံအားမကျအောင်နေပါ။ အချိန်မှန်မှန်စားပါ။ အချိန်မှန်မှန်အိပ်ပါ။ အစားအသောက် အနေအထိုင် ဂရုပြုပါ။ အားကစားလိုက်စားကြမယ်ဆိုရင် ကူးစက်ခံရမှု မှ ကင်းဝေးနိုင်ပါတယ်။

ကျွန်တော် online မှာH1N1 အကြောင်း နိုင်ငံ တကာပညာရှင်အချို့နဲ့ဆွေးနွေးနေတုန်း မိတ်ဆွေတစ်ဦး ရောက်လာတယ်။ ဆရာကျော်စိုးဦးတဲ့ ချင်းပြည်နယ်မှာ ၁ဝ ဦး၊ ရန်ကုန်မှာ ၁၁ ဦး၊ ပဲခူးမှာ တစ်ဦးH1N1 ဖြစ်ပြီဗျ။ မန္တလေးလာရင်တော့ ကလေးတွေ ဒုက္ခပါပဲတဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်။ ဒါတွေဟာ သတင်းမို့ သိသင့်ပါ တယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က လိုက်နာရမယ့်ညွှန်ကြားချက် တွေရှိတယ်။ ခင်ဗျားသိလားဆိုတော့ မသိဘူးတဲ့။ စိုးရိမ်နေမည့်အစား ညွှန်ကြားချက်တွေလိုက်နာကြဖို့ လိုအပ်မည်မဟုတ်ပါလား။ ညွှန်ကြားချက်တွေထဲက သင်ဘယ်လောက်ပြင်ဆင်ပြီးပြီဆိုတာပါပဲ။

အနှစ်ချုပ်ပြန်ပြောရပါလျှင် ကူးစက်ရောဂါမှန်သမျှ ဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့အပေါ်တွင် အလွန်တည်မှီနေသည်ဖြစ်ရာ အဆိုပါကိစ္စ နှစ်ရပ်ကို ဌာနဆိုင်ရာများနှင့်အတူပူးပေါင်းကာ ပိုမို အလေးထား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာကာN1H1 တွန်းလှန်ကာကွယ်ရန်မှာ လူထုအားလုံးတွင် တာဝန်ရှိသည်ဖြစ်ရာ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ကြပါစို့ဟု N1H1 ကို လူထုအားအားဖြင့် တွန်းလှန်နိုင်မည့် နည်း လမ်းကောင်းလေးကို ရေးသားလိုက်ရပါတယ် စာချစ်သူ။ အားလုံး ကူးစက်ရောဂါဆိုးများမှ ကင်းလွတ်ကြပါစေ။ ။

MOI

No comments:

Post a Comment